တရုတ်ကွန်မြူနစ်ပါတီဝင်များအပေါ် ဗီဇာ ထိန်းချုပ်ကန့်သတ်မှုများ အမေရိကန် ချမှတ်

By Nikkei Asia
04 December 2020
တရုတ်ကွန်မြူနစ်ပါတီဝင်များအပေါ် ဗီဇာ ထိန်းချုပ်ကန့်သတ်မှုများ အမေရိကန် ချမှတ်

ဒီဇင်ဘာ ၄

တရုတ် အာဏာရကွန်မြူနစ်ပါတီ၏ ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုများ အမေရိကန်နိုင်ငံဆီ ခရီးသွားလာမှုအပေါ် ကန့်သတ်သည့် စည်းမျဉ်းများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရက ထုတ်ပြန်လိုက်သည်။

ယင်းသည် နိုင်ငံတွင် တရုတ်၏ လှုပ်ရှားမှုအပေါ် တွန်းလှန်ကာကွယ်သည့် နောက်ဆုံး ပေါ်ပေါက်လာသည့် လုပ်ဆောင်ချက်ဖြစ်သည်။

ယခုမူဝါဒအရ တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် ၎င်းတို့၏ အရင်းဆုံး မိသားစုဝင်များအတွက် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် B1/B2  ပြည်ဝင်ခွင့် ဗီဇာများ၏ အများဆုံး တရားဝင်ဖြစ်မှု သက်တမ်းကို ၁၀ နှစ်မှ တစ်လကို လျှော့ချလိုက်ပြီ ဖြစ်ကြောင်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

ယခု အစီအမံက ကွန်မြူနစ်ပါတီ၏ “ဆိုးဝါးသော သြဇာလွှမ်းမိုးမှု” အန္တရာယ်မှ နိုင်ငံကို ကာကွယ်ရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် ၀ါဒဖြန့်မှု၊ စီးပွားရေးအရ အကျပ်ကိုင်မှု နှင့် အခြားသော ယုတ်မာသော လုပ်ဆောင်ချက်များကနေတဆင့် အမေရိကန်နိုင်ငံသားများအပေါ် သြဇာလွှမ်းမိုးရန် လုပ်ဆောင်နေသည်ဟုလည်း ယင်းက ဖြည့်စွက်ပြောကြားထားသည်။

ပါတီဝင်ပေါင်း သန်း ၉၀ ကျော် ရှိသည့် ကွန်မြူနစ်ပါတီသည် အမေရိကန်သို့ အေးဂျင့်များကို စေလွှတ်ပြီး တရုတ်နိုင်ငံသားများနှင့် တရုတ်-အမေရိကန် အစုအဖွဲ့များအပေါ် ရဲရဲတင်းတင်း စောင့်ကြည့်၊ ခြိမ်းခြောက်ပြီး ၎င်းတို့နှင့်ပတ်သက်၍ အစီရင်ခံသတင်းပို့စေလျက်ရှိကြောင်းလည်း ယင်းက ပြောသည်။

မကြာမီ ရာထူးစွန့်ရတော့မည့် သမ္မတတစ်ဦးဘက်က တရုတ်အပေါ် ခက်ထန်ပွဲကြမ်းသော အမွေအနှစ်တစ်ခုကို ခိုင်မာစေရန် ထရမ့်အစိုးရက ကြိုးပမ်းထားခဲ့ပြီး အဆိုပါ ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံး အမှတ်ကို ထိုးစိုက်ကျထားခဲ့သည်။

ယခု လုပ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့သည်။

“ဒါကတော့ အမေရိကန်မှာ ရှိတဲ့ တရုတ်ဆန့်ကျင်ရေး အုပ်စုအချို့က တရုတ်အပေါ် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုကို အရှိန်မြှင့်တဲ့ ပုံစံတစ်ခု ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်၊ အဲဒီ အုပ်စုတွေဟာ အလွန်ပြင်းထန်တဲ့ အတွေးအမြင် သဘောထား တစ်ဖက်စောင်းနင်းဖြစ်မှု နဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စစ်အေးခေတ် စိတ်နေစိတ်ထားတွေနဲ့ လုပ်ဆောင်နေတာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာ ချွန်ယင်က ပြောသွားသည်။

ယခု လုပ်ဆောင်ချက်သည် အမေရိကန်ရှိ လည်ပတ်လှုပ်ရှားမှုများအပေါ် တရုတ်က သြဇာလွှမ်းမိုးရန် လုပ်နေသည်ဟု ၀ါရှင်တန်က ပြောဆိုသည့် ကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးပေါ်ပေါက်လာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ယင်းက ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် တရားဝင် ရာထူးလက်ခံရန် လပိုင်းမျှသာ လိုတော့ချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် တရုတ်တို့၏ ကိုင်တွယ်ဆောင်ရွက်မှု၊ ဟောင်ကောင်အပေါ် ပိုမို တင်းကျပ်စွာ ချုပ်ကိုင်မှု၊ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားဖွယ်ရာ နယ်မြေ တောင်းဆိုမှု၊ ကုန်သွယ်ရေး ၊ ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ပြစ်မှုများ ကျူးလွန်ထားသည် ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ ၀ါရှင်တန်နှင့် ပေကျင်းအကြား သဘောထားချင်း ပဋိပက္ခ ဖြစ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required