ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းခွဲကျော် ရှိလာ

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းခွဲကျော် ရှိလာ
Photo - AFP

ဒီဇင်ဘာ ၄ ၊ ၂၀၂၀

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၆၅ သန်း ရှိရာမှာ သေဆုံးသူဦးရေဟာ ၁ ဒသမ ၅ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီရဲ့ တရားဝင်စာရင်းတွေကို အခြေခံပြီး ကြာသပတေးနေ့က စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားပျံ့နှံ့ချိန်က စပြီး ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေဟာ ၆၄၇၇၄၇၀၅ ဦး ရှိပြီး သေဆုံးသူဦးရေကတော့ ၁၅၀၀၀၃၈ ဦး ရှိပြီ ဖြစ်ပါတယ်။

အဆိုးဝါးဆုံး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ ဒေသတွေကတော့ လက်တင်အမေရိကနဲ့ ကာရီဘီယံဒေသတွေဖြစ်ပြီး သေဆုံးသူ ၄၅၂၂၆၃ ဦးရှိပါတယ်။ ဒီနောက်မှာ ဥရောပက သေဆုံးသူ ၄၃၀၀၆၀ ဦးနဲ့ ဒုတိယအများဆုံးပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ နှောင်းပိုင်းကစလို့ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နေ့စဉ်ပျမ်းမျှ ၁၀၀၀၀ ကျော် ရှိနေတာကြောင့် ကပ်ဘေးစတင်ချိန်ကစလို့ အမြင့်ဆုံးနှုန်းထားပဲ ဖြစ်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ခုနစ်ရက်တာရဲ့ သေဆုံးနှုန်းစာရင်းမှာ ဥရောပရဲ့ သေဆုံးနှုန်းဟာ ထက်ဝက်ကျော် ရှိနေပါတယ်။ ဥရောပါမှ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကျရောက်တာကြောင့် နိုင်ငံအများစုက စည်းမျဉ်းစည်းကမ်းသစ်တွေ ချမှတ်ပြဋ္ဌာန်းလာချိန်လည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ တစ်နေ့တည်းမှာတင် လူ ၉၆၉ သေဆုံးခဲ့တဲ့ အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပမှာ ကပ်ဘေးဒဏ် အဆိုးဆုံးခံရတဲ့ နိုင်ငံဖြစ်ပြီး ဒီနောက်မှာ ရုရှ၊ ပိုလန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့က အဆိုးဆုံး ကပ်ဘေးဒဏ်ခံနေရတာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အမေရိကန်ဟာ ကပ်ဘေးအတွင်းမှာ သေဆုံးနှုန်း အများဆုံးဖြစ်ပြီး လူပေါင်း ၂၇၄၅၇၇ ဦး သေဆုံးကာ သူ့နောက်မှာ ဘရာဇီးက ၁၇၄၅၁၅ ဦးနဲ့ အိန္ဒိယက ၁၃၈၆၄၈ ဦး အများဆုံး သေဆုံးကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

လူဦးရေနှုန်းထားကို မူတည်ပြီး အချိုးအစားချရင်တော့ ဘယ်လ်ဂျီယမ်နိုင်ငံက အဆိုးဆုံးဖြစ်နေပြီး လူ ၁၀၀၀၀၀ မှာ ၁၄၆ နှုန်း သေဆုံးကာ ဒီနောက်မှာ ပီရူး၊ စပိန်နဲ့ အီတလီတို့က အဆိုးဆုံးနိုင်ငံတွေအဖြစ် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly