ကိုဗစ်ကာလ ပုဂ္ဂလိကပညာရေး ကျောင်းဆရာ၊ ဆရာမများအတွက် ချေးငွေ  

ကိုဗစ်ကာလ ပုဂ္ဂလိကပညာရေး ကျောင်းဆရာ၊ ဆရာမများအတွက် ချေးငွေ  
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 ဒီဇင်ဘာ ၄

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် အလုပ်လုပ်ကိုင်သော  ဒေါ်ဖြိုးသဉ္ဇာသည်  လက်ရှိတွင် သိုးမွှေးထိုးသည့် ချည်ကုန်ကြမ်းများကို အွန်လိုင်းမှတစ်ဆင့်ရောင်းချနေသည်။    

“ကျွန်မတို့ ကျောင်းပိတ်တာ သုံးလပိုင်းကတည်းက စပိတ်တာပေါ့နော်။ စပိတ်ပြီးကတည်းက နည်းနည်းလေး ရှိတဲ့ဟာလေး ထိုင်စားလိုက်သေးတယ်ပေါ့နော်။ နောက်ပိုင်းကျတော့ မဖြစ်တော့ဘူးဆိုပြီး အလုပ်လေးတစ်ခု အဲလိုမျိုးလေးပေါ့။ ဝင်ငွေရတဲ့အလုပ်တစ်ခု လုပ်မယ်ဆိုပြီး ဒီအလုပ်ကလေးကို စလုပ်ဖြစ်သွားတာပါ။” ဟု မူလတန်းပြဆရာမအဖြစ် သင်ကြားနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော ဒေါ်ဖြိုးသဉ္ဇာက ပြောသည်။    

ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုလျော့နည်းပြီး ကျောင်းများပြန်ဖွင့်ပါက ဝါသနာပါရာ ကျောင်းဆရာမ အလုပ်ကိုသာ ပြန်လည်လုပ်ကိုင်လိုကြောင်း ၎င်းက ပြောသည်။    

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် ဘော်ဒါဆောင်ဖွင့်လှစ်ထားသည့် ဦးညီညီလတ်ကမှု လတ်တလောတွင် ရပ်ကွက်အတွင်း ဈေးရောင်းသည့်အလုပ်ကို လုပ်ကိုင်နေသည်။  

“ကျောင်းတွေ ပြန်ဖွင့်နိုး၊ ပြန်ဖွင့်နိုးနဲ့ပေါ့။ အကိုတို့ဖက်ကလည်း ဒီနှစ်အတွက်ဆို အများကြီး ရင်းထားရတာ။ အဆောင်တွေထပ်ချဲ့ထားတယ်။ အဆောင်တွေ ပြန်ပြင်ထားတယ်။ အဲတော့ သိန်းလေး၊ ငါးဆယ်လောက် ကုန်တယ်။ အဲလိုရင်းနှီးပြီးမှ ကျောင်းကမဖွင့်ဖြစ်တဲ့အခါကျတော့၊ အစိုးရဝန်ထမ်းလဲ မဟုတ်တဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ အခုဘာလုပ်နေလဲဆိုတော့ ဈေးရောင်းနေတယ်။ ဒါက အကိုတို့ ရပ်တည်တဲ့အလုပ်မဟုတ်ဘူးလေ။ ဒါပေမယ့် ဝမ်းရေးအတွက် ရပ်တည်ရတာပေါ့။ ” ဟု ဦးညီညီလတ်က ပြောသည်။  

ဆယ်စုနှစ်နှစ်ခုနီးပါး စာသင်သက်အတွေ့အကြုံရှိပြီဖြစ်သော ဦးညီညီလတ်သည် ကိုယ်ပိုင်ဘော်ဒါဆောင်လည်းဖွင့်သလို ပြင်ပဘာသာရပ်သင်ကျူရှင်များတွင်လည်း စာသင်ပြမှုလုပ်နေခဲ့တာဖြစ်သည်။

ဦးညီညီလတ်လိုပင် သူ၏ လုပ်ဖော်ကိုင်ဖက် ပြင်ပကျောင်းဆရာ၊ ဆရာမများသည်လည်း ကျောင်းများပိတ်သိမ်း၍ အလုပ်လက်မဲ့ဖြစ်နေသည့်အတွက် လတ်တလောတွင် ဈေးရောင်းနေကြသူများရှိသလို လစဉ်ထီရောင်းချပြီး ဝမ်းရေးအတွက် ကြုံရာကျပန်း ဖြေရှင်းနေကြရသည်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကောက်ယူထားသည့် စာရင်းအရ နိုင်ငံအဝှမ်း ကိုယ်ပိုင်အထက်တန်းကျောင်း ၁၁၆၀ ကျော် ရှိပြီး မြို့နယ်ပညာရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ဘာသာရပ်သင် ကျူရှင်က ၁၅၀,၀၀၀ ရှိသည်။  

ဘာသာရပ်သင် ကျူရှင်များတွင် အလုပ်လုပ်ကိုင်နေသော ဆရာ၊ ဆရာမဦးရေမှာ ၂၀၀,၀၀၀ ကျော်ရှိရာ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘာသာရပ်သင် ကျူရှင်များတွင် လုပ်ကိုင်နေသော ဆရာဆရာမ ဦးရေ ၇၀,၀၀၀ ကျော်နှင့်ပေါင်းလျှင် စုစုပေါင်း ၂၇၀,၀၀၀ ကျော်ရှိကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကောက်ယူထားသည့် စာရင်းအရ သိရသည်။

အဆိုပါ ဆရာ၊ ဆရာမ ရာခိုင်နှုန်းဦးရေ အားလုံးနီးပါး ပြင်ပအလုပ် လုပ်ကိုင်ကာ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရမည်ဖြစ်ကြောင်း  ဆရာဆရာမများအဖွဲ့ချုပ်၏ ပုဂ္ဂလိကပညာရေးကဏ္ဍ အတွင်းရေးမှူး ဦးကျော်မင်းထက်က ပြောသည်။  
 
 နိုင်ငံအဝှမ်းလုံးတွင်ရှိသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘာသာရပ်သင် ကျူရှင်များတွင် လုပ်ကိုင်နေသော ဆရာ၊ ဆရာမများအတွက် ကိုဗစ်ကာလအတွင်း သက်သာသော အတိုးနှုန်းဖြင့် အစိုးရက ချေးငွေထုတ်ပေးနိုင်အောင် စာရေးသားတင်ပြရန် ဆရာ ဆရာမများအဖွဲ့ချုပ်က စီစဉ်နေသည်။
 
“ တစ်ယောက်ကို ဆယ်သိန်းပတ်လည်လောက် ချေးဖို့၊ လုပ်ငန်းရှင်တွေကျတော့လည်း သူတို့လုပ်ငန်းလည်ပတ်နိုင်လောက်တဲ့ သိန်းနှစ်ရာ၊ သုံးရာလောက်ချေးဖို့နော်။ အဲဒါလေးကို ခေါင်းစဉ်လေးမျိုးခွဲပြီးတော့ တင်ပြဖို့ စီစဉ်နေပါတယ်။” ဟု ဦးကျော်မင်းထက်က ပြောသည်။

 ချေးငွေထုတ်ချေးပေးနိုင်အောင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းဝန်ကြီးနှင့်တကွ ပညာဝန်ရေးဝန်ကြီးဌာနတို့ကို လိပ်မှုပြီး ယခုတစ်ပတ်အတွင်း စာပို့တင်ပြသွားမှာဖြစ်သည်။

ကိုဗစ်ဖြစ်ပွားသည့် မတ်လမှ စတင်ကာ ယခုလအထိ ၁၀ လတာ ကာလအတွင်း မူလတန်းနှင့် အလယ်တန်းများကို လုံးဝဖွင့် လှစ်ခဲ့ခြင်းမရှိဘဲ ဇူလိုင် ၂၁ ရက်နေ့က အထက်တန်းအဆင့်များကိုသာ ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကူးစက်မှုများ ပြန်လည် မြင့်တက်လာသဖြင့် ဩဂုတ်လ ၂၇ ရက်မှစကာ ကျောင်းများ ပြန်လည် ပိတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly