တရုတ်ကုမ္ပဏီကြီး ၂ ခုကို ဒေါ်နယ်ထရမ့်အစိုးရက နာမည်ပျက်စာရင်း သွင်း

တရုတ်ကုမ္ပဏီကြီး ၂ ခုကို ဒေါ်နယ်ထရမ့်အစိုးရက နာမည်ပျက်စာရင်း သွင်း

ဒီဇင်ဘာ ၄

တရုတ်နိုင်ငံ၏ ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SMIC နှင့် ရေနံကုမ္ပဏီ CNOOC တို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဒီဇင်ဘာ ၃ ရက်တွင် တရုတ်စစ်တပ်ကုမ္ပဏီများဟု ဆိုသော နာမည်ပျက်စာရင်းတစ်ခုထဲ ထည့်သွင်းလိုက်သည်။

ယင်းသည် အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ရာထူးလက်မခံမီ ပေကျင်းနှင့်အကြား တင်းမာမှုများကို အရှိန်မြင့်တက်စေနိုင်ဖွယ် ရှိသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ် ဆောက်လုပ်ရေးနည်းပညာ ကုမ္ပဏီလိမိတက် နှင့် တရုတ် နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ ကော်ပိုရေးရှင်း အပါအ၀င် စုစုပေါင်း ထပ်တိုး ကုမ္ပဏီလေးခုကို တရုတ်စစ်တပ် ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်သော ကုမ္ပဏီများအဖြစ် သတ်မှတ်ခဲ့သည်။

ရိုက်တာက ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် ပထမဆုံး ဖော်ပြခဲ့သည့် ယင်းလုပ်ဆောင်ချက်ကြောင့် ယခုအခါ နာမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီအရေအတွက်စုစုပေါင်းကို ၃၅ ခု အထိ ရှိလာစေခဲ့သည်။ အဆိုပါ နာမည်ပျက်စာရင်းက ကနဦးအားဖြင့် မည်သည့် ပြစ်ဒဏ်ချမှတ်မှုများကိုမှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိသော်ငြား ရီပတ်ဘလစ်ကန် သမ္မတ ဒေါ်နယ်ထရမ့် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အမိန့်ညွန်ကြားချက်တစ်ခုအရ နာမည်ပျက်စာရင်းသွင်းခံထားရသည့် ကုမ္ပဏီများ၏ အစုရှယ်ယာလက်မှတ်များကို အမေရိကန် ရင်းနှီးမြှုပ်နှံသူများ ၀ယ်ယူမှုအပေါ် လာမည့်နှစ်မှစ၍ တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ၀ါရှင်တန်ရှိ တရုတ်သံရုံးက “တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီတွေကို နိုင်ငံရေးဘောင်သွင်းခြင်းအပေါ် အခိုင်အမာ ဆန့်ကျင်တယ်” ဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အစောပိုင်းက ပြောထားသည့် မှတ်ချက်စကားအတိုင်း ရိုက်တာကို ရည်ညွန်းပြောဆိုခဲ့သည်။

တရုတ်အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (CNOOC) က ယခုကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို လက်တလော တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

နာမည်ပျက်စာရင်းတွင် အသွင်းခံရခြင်း၏ သက်ရောက်မှုအပေါ် သုံးသပ်အကဲဖြတ်နေကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အန္တရာယ်များကို သတိပြုသင့်ကြောင်း SMIC က စတော့ဈေးကွက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောသွားခဲ့သည်။

SMIC ၏ စတော့ရှယ်ယာတန်ဖိုးသည် ဒီဇင်ဘာ ၄ ရက်က ၂ ရာခိုင်နှုန်းကျော် ကျသွားခဲ့သလို CNOOC ၏ ရှယ်ယာတန်ဖိုးသည်လည်း မနက်ခင်း အစောပိုင်း ရောင်းဝယ်မှုတွင် ၀ ဒသမ ၇ ရာခိုင်နှုန်း ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly