ထိုင်းတောင်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူပေါင်း ၅ သိန်းခန့် ရေဘေးသင့် 

ထိုင်းတောင်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူပေါင်း ၅ သိန်းခန့် ရေဘေးသင့် 

ဒီဇင်ဘာ ၄ 

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး လူပေါင်း ငါးသိန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။ 

လူသေဆုံးမှုတွေကတော့ နခွန်ဆီသမာရက် ခရိုင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါ ခရိုင်မှာ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာထားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးတစ်ဦးကတော့ ငါးနှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။ 

ရေကြီးမှုတွေကြောင့် နေအိမ် အမြောက်အမြား ထိခိုက်ပျက်စီးခဲ့သလို အိမ်ထောင်စုပေါင်း ၂၁၀,၀၀၀ မှ လူပေါင်း ငါးသိန်းကျော်လောက် ရေဘေးဒုက္ခ ခံစားခဲ့ရပါတယ်။ 

စိုက်ပျိုးမွေးမြုရေးမြေ ဟက်တာပေါင်း ၁၅၀,၀၀၀ နီးပါး ရေလွှမ်းခံခဲ့ရပါတယ်။ 

“ဒီနှစ် ရေကြီးမှုကတော့ နှစ်ပေါင်း ၅၀ အတွင်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရသမျှတွေထဲမှာ အဆိုးဆုံး ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ခရိုင်ရဲ့ နေရာအချို့မှာ နှစ်စဉ်နှစ်တိုင်း ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ခုတစ်ခါ ရေကြီးမှုကတော့ အဆိုးဆုံးပါ၊ ရေစီးကြောင်းတွေက တော်တော် အားကောင်းပါတယ်၊  ခုက ကျွန်တော်တို့ရဲ့ လှေတွေတောင် သုံးလို့ မရနိုင်ပါဘူး” လို့ နခွန်ဆီသမာရက် ခရိုင် အုပ်ချုပ်ရေးမှူး ကရိုင်ဆွန် ဗီစစ်ဝေါင်က အေအက်ဖ်ပီကို ပြောပါတယ်။ 

အဓိက လေဆိပ်ကိုတော့ လေယာဉ်ပျံသန်းမှုတွေအတွက် ဆက်လက်ဖွင့်ထားပေမယ့် ယင်းမှာလည်း ရေတွေနဲ့ ပတ်လည်ဝိုင်းနေပါတယ်။ စစ်တပ် မော်တော်ယာဉ်တွေက ခရီးသည်တွေကို လေဆိပ်ဆီ ပို့ဆောင်ပေးနေခဲ့ပါတယ်။ 

အခြား ခရိုင်ခြောက်ခုဖြစ်တဲ့ နာရာသီဝတ်၊ ဆောင်ခလာ၊ ပတ္တနီ၊ ဆူရတ်ဌာနီ ၊ ချွန်ဖွန် နဲ့ ဖက်သလန် တို့မှာလည်း ရေလွှမ်းမိုးမှုတွေနဲ့ ကြုံတွေ့ထားခဲ့ပါတယ်။ 

ထိုင်း တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေက ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွာသွန်းနေခဲ့တာဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့မှာ အားကောင်းတဲ့ မုတ်သုံလေ ဖြစ်ပေါ်နေပြီး မာလက်ကာ ရေလက်ကြားက လေဖိအားနည်းစနစ် တို့ကြောင့် လာမယ့် ရက်တွေမှာ မိုးကြီးမှုတွေ ဆက်ရှိနိုင်ဖွယ် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required