လွိုင်ကော်တွင် ကွာရန်တင်းစင်တာမှ မဟုတ်သည့် ပထမဆုံး ကိုဗစ်ပိုးကူးစက်သူ တွေ့ရှိ 

လွိုင်ကော်တွင် ကွာရန်တင်းစင်တာမှ မဟုတ်သည့် ပထမဆုံး ကိုဗစ်ပိုးကူးစက်သူ တွေ့ရှိ 
လွိုင်ကော်မြို့အတွင်းရှိ အသွားအလာ ကန့်သတ်လိုက်သည့် နေအိမ်များ (ဓာတ်ပုံ - စောသန်းထိုက်ဦး) 

ဒီဇင်ဘာလ ၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကွာရန်တင်းစင်တာ ဝင်နေသူ မဟုတ်သည့် ပြင်ပမှ ပထမဦးဆုံး ပိုးတွေ့လူနာတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၌ နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ပိုးတွေ့သူ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်း ဗိုက်အောင့်ဝေဒနာ ခံစားရသဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာ လူနာစောင့်အဖြစ် လိုက်ပါလာစဉ် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ သူမကိုပါ ရလဒ်အမြန်ထွက်သည့် RDT Test စစ်ဆေးရာမှ ပိုးကူးစက်ထားကြောင်း သိရှိရခြင်း ဖြစ်သည်။ 

လွိုင်ကော်မြို့အတွင်းရှိ အသွားအလာ ကန့်သတ်လိုက်သည့် နေအိမ်များ (ဓာတ်ပုံ - စောသန်းထိုက်ဦး)

“ဒီဟာကတော့ သူနဲ့အနီးကပ်ပေါ့၊ အဲဒီလူတွေကနေတစ်ဆင့် ထပ်ပြီး ထိတွေ့ထားတဲ့ လူတွေကိုတော့ ကျွန်တော်တို့ မစစ်ထားဘူး။ အိမ်တွေမှာပဲ ထားထားတယ်။ ထားထားပြီးတော့ သူတို့တွေ ကိုဗစ်ရောဂါ လက္ခဏာ ရှိလာခဲ့လို့ရှိရင် ဆေးရုံလာပြဖို့ပဲ ပြောထားတယ်” ဟု ပြည်နယ် ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က မဇ္ဈိမကို အတည်ပြုသည်။ 

လတ်တလောတွင် ကိုဗစ်ပိုးတွေ့သူ အမျိုးသမီးကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်တွင် ကုသပေးနေကြောင်း သိရသည်။ ထို့အပြင် အဆိုပါအမျိုးသမီးနှင့် ထိတွေ့သူများရှိသည့် နေအိမ် ရှစ်လုံးကို အသွားအလာ ၁၄ ရက် ကန့်သတ်ထားပြီး လူဦးရေအားဖြင့် ၇၀ ခန့် ရှိကြောင်း ဒေါက်တာ ဌေးလွင်က ပြောသည်။ 

ရောဂါပိုးကူးစက်မှု ရာဇဝင်နှင့် ပတ်သက်၍ စစ်ဆေးရာ ထိုအမျိုးသမီးသည် နိုဝင်ဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာသို့ ဘုရားရွှေသင်္ကန်း ကပ်လှူရန် သွားရောက်ခဲ့ကြောင်း သိရသည်။ သူမသည် ဖယ်ခုံမြို့နယ်နှင့် နီးသည့် ဒီမော့ဆိုမှ နယ်စပ်ဖြတ်ကျော် သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ 

ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အတွင်းရှိ ရွာနီးစပ်ချုပ် ကျေးရွာများသို့ အရောင်းအဝယ်ကိစ္စ၊ ဘာသာရေးကိစ္စ နယ်စပ်ဖြတ်ကျော် သွားလာမှုများ ရှိနေပြီး ထိန်းချုပ်တင်းကျပ်ရန် အခက်အခဲရှိကြောင်း သိရသည်။  

လွိုင်ကော်မြို့အတွင်းရှိ အသွားအလာ ကန့်သတ်လိုက်သည့် နေအိမ်များ (ဓာတ်ပုံ - စောသန်းထိုက်ဦး)

လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက “တင်းကျပ်ဖို့ပဲရှိတာပေါ့။ တင်းကျပ်တယ်ဆိုတာ သွားချင်ရင် သွားလို့ရတယ်။ ပြန်လာရင်တော့ ကွာရန်တင်းဝင်ပေါ့။ ထောက်ခံစာလေ ယူသွား၊ ဒါပေမယ့် ပြည်နယ်ပြင်ပက ပြန်လာရင်‌တော့ ကွာရန်တင်းဝင်ပေါ့၊ ဒီလိုတော့ ရှိတာပေါ့။ အမှန်တော့ ကျွန်တော့်ဘက်အခြမ်း မဟုတ်ဘူး၊ ဒီမော့ဆိုဘက်က ထွက်တာ။ ပြန်ရောက်ခါမှ ကျွန်တော် ပြန်လိုက်ရတာလေ၊ သူက လွိုင်ကော်ဇာတိဆိုတော့၊ သူ့နဲ့ ထိတွေ့ဆက်စပ်သူတွေ အားလုံးကို အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်နေတာပေါ့” ဟု ပြောသည်။ 

နယ်စပ်ချင်း ကပ်နေသည့်အတွက် နယ်ကျော်ကူးပြီးနောက် ကွာရန်တင်းဝင်ရန် ပျက်ကွက်သူများနှင့် ပတ်သက်၍ ညစဉ် ရပ်ကွက်များသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးခြင်း၊ လက်ကမ်းစာစောင်များ အိမ်တိုင်းကို ဝေခြင်းများ ပြုလုပ်နေပြီး ဖောက်ဖျက်မှုများ ရှိပါက အရေးယူမည်ဟုလည်း လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။ 

လူတွေက လိုင်းပေါ်မှာ ဘာလုပ်နေလဲ အုပ်ချုပ်ရေးပိုင်းက အရေးမယူဘူးလား၊ ဒီလိုတွေပြောတာ ကျွန်တော်တို့လည်း သိပါတယ်။ လူတစ်ယောက်ကို သဘာဝ ဘေးအန္တရာယ်နဲ့ တရားစွဲဖို့ဆိုတာ သူ့ကို အမှုဖွင့်ရတယ်၊ စစ်ရတယ်၊ မေးမြန်းရတယ်။ ဒါကို ကျွန်တော်တို့ ဥပဒေအကြံ တောင်းရတယ်။ ဖြစ်စဉ်အပေါ်မှာ မှုတည်ပြီးတော့ သူ့ကို ပေးထားတဲ့ တရားရေး ဥပဒေဘောင်ထဲကနေ ဘယ်လောက် ထောင်ဒဏ်ဆို အမြင့်ဆုံး ဘယ်လောက် တရားသူကြီးက ဆုံးဖြတ်ပေးရတယ် နောက်ဆက်တွဲ လာပါလိမ့်မယ်၊ စောင့်ကြည့်နေပါ” ဟု ၎င်းက ပြောသည်။ 

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်အထိ ကယားပြည်နယ်တွင် ပိုးတွေ့လူနာ ၂၆ ဦးရှိသည့်အနက် ၁၇ ဦး ဆေးရုံဆင်းခွင့်ရပြီး ၉ ဦး ဆေးရုံတွင် ကုသမှု ဆက်လက်ခံယူနေကြောင်း ကယားပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly