ရန်ကုန်ရှိကိုဗစ်စင်တာများတွင် စေတနာ့ဝန်ထမ်းဆရာဝန်များလိုအပ်နေ

ရန်ကုန်ရှိကိုဗစ်စင်တာများတွင် စေတနာ့ဝန်ထမ်းဆရာဝန်များလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက်

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်စင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်မည့် ဆရာဝန်များလိုအပ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းက ဒီဇင်ဘာ လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိ ကိုဗစ်စင်တာများတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းဆရာဝန်များ တာဝန်  ထမ်း ဆောင်ပြီးနောက် အနားယူသည့် ၎င်းလစ်လပ်သွားသောနေရာတွင် အစားထိုးတာဝန်ဆောင်နိုင်ရန် စေတနာ့ ဝန်ထမ်းဆရာဝန်များ လိုအပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန် အသင်း၏ အလုပ်အမှုဆောင် ဒေါက်တာယုယုလွင်က မဇ္ဈိမကို ပြောသည်။

လက်ရှိ စေတနာ့ဝန်ထမ်းဝင်ရောက်လုပ်ကိုင်လျှက်ရှိသည့် ဆရာဝန်များသည် ကိုဗစ်စင်တာများတွင် အနည်း ဆုံး တစ်လခန့် တာဝန်ထမ်းဆောင်လေ့ရှိပြီး တချို့စေတနာ့ဝန်ထမ်းဆရာဝန်များသည်  လက်ရှိအ ချိန်အထိ တာဝန် ထမ်းဆောင်လျှက်ရှိသည်။

 “အကုန်လုံးကို ဖိတ်ခေါ်ပါတယ်လို့။ စင်တာတွေကလည်း ရန်ကုန်မြို့မှာ အများကြီးပါ။ အဲ့ဒါတွေအတွက်လည်း လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်လူနာတွေ ကျမှ မကျတာ။ ဖောင်ကြီးကိုဗစ်စင်တာမှာဆိုရင် အမတို့ဆီက ခုနစ်ယောက်ထွက်သွားပြီ။ တစ်ယောက်ပဲကျန်တော့တယ်။ အဲ့ဒီဖောင်ကြီးမှာ အစ်မတို့ ထပ်ပြီး မထည့်ပေးနိုင်သေးဘူး။ လူစုလို့မရသေးတာပေါ့နော်။ အခုလူစုရတာ နည်းနည်းခက်နေသလိုပဲ။ ဆရာဝန်တွေက ဘာဖြစ်သွားလို့လဲဆိုတော့ အလုပ်တွေ ပြန်ဖွင့်တာတို့၊ ကိုယ့်ရဲ့ စီးပွားရေးပြန်လုပ်သွားတော့ ခေါ်ရတာ နဲနဲနည်းသွားတယ်” ဟု ဒေါက်တာယုယုလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန် အသင်းများအနေဖြင့် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး အတွက် စေတနာ့ဝန်ထမ်းဆရာဝန်များအား ဖိတ်ခေါ်မှုကို ၂၀၁၉ ခုနှစ်၊စက်တင်ဘာလအတွင်းက စတင်ခေါ်ယူ ခဲ့ပြီး ယခုကဲ့သို့ စေတနာ့ဝန်ထမ်းဆရာဝန်များဖိတ်ခေါ်မှုကို လိုအပ်ချက်များအရအလျဉ်းသင့်သလို ခေါ်ယူလျှက်ရှိ ကြောင်းလည်း ဒေါက်တာယုယုလွင်က ပြောသည်။

လိုအပ်လျှက်ရှိသည့် စေတနာ့ဝန်ထမ်းဆရာဝန်များဖိတ်ခေါ်မှုအား လျှောက်ထားလိုပါက တရားဝင် ဆမ လက်မှတ်ကိုင်ဆောင်ထား ပြီး ကျန်းမာရေးကောင်းမွန်သည့်အပြင် မိဘအုပ်ထိန်းသူ၏ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိ ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသည်မှာ လပေါင်းများစွာကြာပြီဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသေးသည့်အတွက် ကိုဗစ်တိုက်ပွဲဝင်နေရသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၏ အင်အားများစွာကုန်ခမ်းလျှက်ရှိရာ ပြည်သူလူထုအနေဖြင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာရန် တိုက်တွန်းလိုကြောင်း ဒေါက်တာယုယုလွင်က ဆက်လက်ပြောသည်။

“အခုက ကိုဗစ်ဖြစ်နေတာ လချီပြီးကြာနေပြီ။ အဲ့ဒီတော့ စင်တာတွေမှာ နေရတဲ့ လူတွေကိုလည်း သနားလာတာပေါ့နော်။ တစ်နေတစ်နေ့ဖိအားက များတာပေါ့နော်။ PPE တွေနဲ့ နေရတယ်။ ဒါကတော့ ဆရာဝန်ဘက်ကို ပြောတာပါ။ နောက်တစ်ခြား ဗော်လန်တီယာတွေဆိုရင်လည်း အမြဲတမ်း PPE ဝတ်ပြီးတော့ မျိုးစုံလုပ်နေရတာ။ လူတွေက ကိုယ့်လက်ပူမှ ပူတယ်ထင်ကြတာ နည်းနည်းမှားနေတယ်လို့ထင်ပါတယ်။ လူတိုင်းမှာ ကာကွယ်ရေးအသိရှိဖို့၊ ပညာပေးဖို့ကတော့ အမတို့အနေနဲ့ တော်တော်ခက်ပါတယ်” ဟု ဒေါက်တာယုယုလွင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ကိုးသောင်းကျော်နှင့် သေဆုံးသူ နှစ်ထောင်နီးပါးရှိပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှင့် သေဆုံးမှုသည် အများဆုံးဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း လက်ရှိတွင်ကူးစက်ဖြစ်ပွားမှုများမြင့်တက်လျှက်ရှိသည်။
ထိုသို့ကူးစက်ဖြစ်ပွားမှုမြင့်ခြင်းကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များတွင် Stay at Home အမိန့်ညွှန်ကြားချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထပ်တိုးခဲ့ပြီး လူစုလူဝေးပွဲလမ်းသဘင်များကို ပြုလုပ်ခွင့်မပြုထားပေ။

သို့သော် အချို့သောပြည်သူများအနေဖြင့် စည်းကမ်းမလိုက်နာသည့်အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly