အမေရိကန်၌ အားလပ်ရက်များတွင် နေအိမ်မှာ မနေထိုင်ပါက ဗိုင်းရပ်စ် နှစ်ကြိမ် စစ်ဆေးခံရမည်

အမေရိကန်၌ အားလပ်ရက်များတွင် နေအိမ်မှာ မနေထိုင်ပါက ဗိုင်းရပ်စ် နှစ်ကြိမ် စစ်ဆေးခံရမည်

ဒီဇင်ဘာ ၃ ၊ ၂၀၂၀

လာမည့် အားလပ်ရက်များတွင် ခရီးသွားလာခြင်း မပြုရန်နှင့် ခရီးသွားလာခဲ့ပါက မသွားမီနှင့် သွားပြီးနောက် ဗိုင်းရပ်စ် နှစ်ကြိမ်စစ်ဆေးခံရန် အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းသည်။

ဘေးကင်းစွာ နေထိုင်ရေး အကောင်းဆုံးနည်းလမ်းနှင့် အခြားသူများကို ကာကွယ်နိုင်ရေးမှာ အိမ်မှာပဲ နေခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ တစ်ဦးဦးနှင့် အနီးကပ်ထိတွေ့မိပြီးနောက် ကာလတို ကွာရန်တင်းဝင်ရမည့် လမ်းညွှန်ချက်သစ်များကို စင်တာက ကြေညာခဲ့သည်။ ကာလတို ကွာရန်တင်း ဝင်ခြင်းမှ ဘေးအန္တရာယ်သည် နည်းပါးသော်လည်း လမ်းညွှန်ချက်သစ်များကို လိုက်နာစေသော ယင်းအပြောင်းအလဲက ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုဘေးကို နည်းပါးစေလိမ့်မည်ဟု စင်တာက ဆိုသည်။

ကျေးဇူးတော်နေ့ အားလပ်ရက် ခရီးထွက်ကြခြင်း မပြုရန် အကြံပြုချက်များ ထုတ်ပြန်သော်လည်း များစွာသော အမေရိကန်အများစုက လိုက်နာခဲ့ကြခြင်း မရှိပေ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ယခုကဲ့သို့ စမ်းသပ်စစ်ဆေးမှု နှစ်ကြိမ် ပြုလုပ်ရန်ကို စင်တာက ထပ်တိုးပြောဆိုလာတော့ခြင်း ဖြစ်သည်။

“ကူးစက်တာတွေ၊ ဆေးရုံတက်ရောက်ရတာတွေနဲ့ သေဆုံးနှုန်းတွေက မြင့်တက်နေတယ်။ ဒါကို ရပ်တန့်အောင်အတွက် ကျွန်တော်တို့ ကြိုးစားကြဖို့ လိုတယ်။”ဟု သတင်းစာရှင်းလင်းပွဲ၌ စင်တာမှ ဒေါက်တာဟင်နရီဝေါ့ကီက ပြောသည်။

ကျေးဇူးတော်နေ့အပြီး တစ်ပတ်မှ ဆယ်ရက်အတွင်း ခရီးသွားလာမှုနှင့်ဆိုင်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာဦးမည်ပုံ ရှိနေကြောင်း ၎င်းက ပြောသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၃ ဒသမ ၅ သန်းရှိနေကာ သေဆုံးသူဦးရေမှာ ၂၇၀၀၀၀ ဦး အနည်းဆုံး ရှိနေသည်။

“ဘေးအကင်းဆုံးကတော့ အားလပ်ရက် ခရီးသွားလာမှုတွေ မလုပ်ကြပဲ အိမ်မှာပဲ နေကြဖို့ပါ။ ကျေးဇူးတော်နေ့မှာ ခရီးသွားလာမှုနှုန်းထားက မြင့်တက်ခဲ့တယ်။ ဒီလို ခရီးသွားလာမှုတွေကြောင့် တစ်အိမ်က တစ်အိမ် ဗိုင်းရပ်စ် ကူးစက်နိုင်သလို ခရီးသွားသူတွေ သွားရောက်ခဲ့ရာ အရပ်တွေမှာ ကူးစက်မှုတွေ ဖြစ်နိုင်တယ်။”ဟု ဒေါက်တာ ဟင်နရီဝေါကီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly