မမှန်မကန် လုပ်ကြံသတင်းတွေ ဖြန့်နေတယ်ဆိုပြီး သြစတြေးလျကို တရုတ် ဝေဖန်ပြစ်တင် 

မမှန်မကန် လုပ်ကြံသတင်းတွေ ဖြန့်နေတယ်ဆိုပြီး သြစတြေးလျကို တရုတ် ဝေဖန်ပြစ်တင် 
Photo - AFP

ဒီဇင်ဘာ ၃

တမင်ဖန်တီးထားတဲ့ မမှန်မကန် သတင်းတွေ သြစတြေးလျတို့ ဖြန့်နေတယ်ဆိုပြီး တရုတ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ သြစတြေးလျအနေနဲ့ တရုတ်နဲ့ပတ်သက်ပြီး လုပ်ကြံသတင်းတွေ ဖြန့်နေတာကို ရပ်ဆိုင်းသင့်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာ ချွန်ယင်က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။  

တွစ်တာပေါ် ရောက်ခဲ့တဲ့ သြစတြေးလျ စစ်သား ဓာတ်ပုံကိစ္စ စွပ်စွဲချက်နဲ့ပတ်သက်လို့ တရုတ်က သြစတြေးလျအပေါ် အထက်ပါအတိုင်း ပြစ်တင်လိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရုတ်တို့က သြစတြေးလျစစ်သားတစ်ယောက်ရဲ့ ဓာတ်ပုံအတုကို တွစ်တာပေါ် တင်ခဲ့တယ်ဆိုပြီး သြစတြေးလျက ပြစ်တင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်ဘက်က တောင်းပန်ရမယ်ဆိုပြီးတော့လည်း သြစတြေးလျက တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။ 

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ တရုတ်တို့က သြစတြေးလျဟာ တရုတ်နဲ့ပတ်သက်လို့ မမှန်သတင်း ဖြန့်တယ်ဆိုပြီး ပြန်လည်တုံ့ပြန် ပြစ်တင်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

“အာဖဂန်အရပ်သားတွေကို သတ်ခဲ့တဲ့သူတွေအတွက် ဝန်ခံ တောင်းပန်စကား ဆိုတဲ့ သြစတြေးလျ စစ်သားတစ်ဦးအပါအဝင် ဓာတ်ပုံအချို့လည်း ရှိပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာ ချွန်ယင်က ပြောပါတယ်။ 

“တစ်ဘက်မှာကျတော့ သူတို့တွေဟာ အခြားသူတွေအပေါ် အကြောင်းမဲ့သက်သက် တိုက်ခိုက်ဖို့၊ သိက္ခာချဖို့အတွက် ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ အချက်အလက်တွေနဲ့ လုပ်ကြံပြောဆိုနေပါတယ်၊ အခြား တစ်ဘက်မှာကျတော့လည်း ကျူးလွန်ထားတဲ့ မကောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ပြောခွင့်မပြုပြန်ဘူး၊ အဲဒီတော့ ဒါတွေက သြစတြေးလျရဲ့ စံနှုန်းတွေနဲ့ ညီပါရဲ့လား” ဆိုပြီး ဟွာ ချွန်ယင်က ပြောပါတယ်။ 

“နောက်ပြီး ရှင်ကျန်းဒေသမှာ နံရံတံတိုင်းတွေနဲ့ အဆောက်အအုံတွေဟာ ထိန်းသိမ်းရေးစင်တာတွေ ဖြစ်တယ်လို့ သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျူ့က စွပ်စွဲထားခဲ့ပါတယ်၊ တကယ်တမ်းဆိုရင် ရှင်တို့အနေနဲ့ အဲဒါတွေကို ဂူးဂဲလ် နဲ့ ဘိုင်ဒူ မြေပုံတွေပေါ်မှာ အမှတ်အသားနဲ့ ညွန်ပြနိုင်ပါတယ်၊ တကယ်က ဒါကတော့ ကက်ရှ်ဂါက သက်ကြီးဂေဟာတစ်ခုဖြစ်တယ်၊ ဒါကတော့ ထောက်ပံ့ပို့ဆောင်ရေး စင်တာတစ်ခုဖြစ်တယ်၊ ဒါကတော့ မူလတန်း ကျောင်းဖြစ်တယ်၊ ဒါကတော့ အလယ်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။ 

“အခြားသူတွေ မမှန်သတင်း ဖြန့်နေတယ်ဆိုပြီး သူတို့ ပြောနေပါတယ်၊ တကယ်တမ်းကျတော့ သူတို့ဟာ တရုတ်နဲ့ ပတ်သက်ပြီး လုပ်ကြံသတင်းတွေ ဖြန့်နေသူတွေ မဟုတ်ပါဘူးဆိုပြီး ကမ္ဘာသိအောင်လို့ စံနမူနာတစ်ခုအနေနဲ့ ရှိနေသင့်ပါတယ်” လို့ ဟွာ ချွန်ယင်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly