ကရင်ပြည်နယ်တွင် မသန်စွမ်း ကလေးငယ်များအတွက် ပညာရေးစီမံကိန်း ဂျပန် စတင် 

ကရင်ပြည်နယ်တွင် မသန်စွမ်း ကလေးငယ်များအတွက် ပညာရေးစီမံကိန်း ဂျပန် စတင် 

ဒီဇင်ဘာ ၂၊ ၂၀၂၀ 

အကူအညီပေးရေးနှင့် ပြန်လည် ထူထောင်ရေးအသင်း - ဂျပန် (AAR Japan) သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မသန်စွမ်း က‌လေးငယ်များအတွက် အားလုံး အကျုံးဝင် ပညာရေးစနစ် သုံးနှစ်စီမံကိန်းကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကူအညီဖြင့် စတင်ဆောင်ရွက်မည်ဟု သိရသည်။  

လူထုအခြေပြု ချဉ်းကပ်နည်းမှတစ်ဆင့် ကလေးများ၏ ပညာရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း AAR Japan ၏ ဘားအံရုံးခွဲက သတင်းထုတ်ပြန်ထားသည်။ 

ဂျပန် NGO တစ်ခုဖြစ်သည့် AAR Japan က ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ကာ မသန်စွမ်း ကလေးငယ်များနှင့် ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များအတွက် အားလုံး အကျုံးဝင် ပညာရေးစနစ် သုံးနှစ်စီမံကိန်းကို ဒေသခံလူထု၊ ဒေသန္တရ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် ကလေးငယ် ၁၇ ဒသမ ၂ သန်းရှိပြီး ယင်းတို့အနက် ကလေးငယ် ၁ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်သော ကလေးငယ် ၂၃၀၀၀၀ ကျော်သည် မသန်စွမ်းများ ဖြစ်ကြောင်း သိရသည်။ 

AAR Japan အဖွဲ့သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် မသန်စွမ်းများအတွက် လူထုအခြေပြု အားလုံး အကျုံးဝင် ဖွံ့ဖြိုးရေး စီမံကိန်းများကို လုပ်ဆောင်ခဲ့ပြီး လူထုထဲတွင် မသန်စွမ်း ကလေးငယ်များသည် အားအနည်းဆုံး ဖြစ်သည်ကို သိရှိနားလည်ခဲ့ကြောင်း၊ ထို့ကြောင့် အထူးစောင့်ရှောက်ရန် လိုအပ်သော မသန်စွမ်း ကလေးငယ်များအတွက် အထူးအာရုံထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AAR Japan ၏ ဌာနေကိုယ်စားလှယ် ယိုရှီယို နာကာဂါဝါက ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အားလုံး အကျုံးဝင် ပညာရေးဆိုသည်မှာ ဘာသာစကား အခြေအနေ၊ လူမျိုးစု၊ မသန်းစွမ်းမှုနှင့် အခြားကွဲပြားမှုများကို အမှုမထားဘဲ မသန်စွမ်းကလေးငယ်များ၏ လိုအပ်ချက်အရ ကလေးအားလုံး ပညာရေးကို ရရှိစေနိုင်ရန် ဆိုလိုကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာနကလည်း အားလုံး အကျုံးဝင် ပညာရေး အကောင်အထည်ဖော်ရေးကို မူဝါဒများထဲမှ တစ်ခုအဖြစ် ချမှတ်ထားသည်။ 

ဤစီမံကိန်းအရ မသန်စွမ်း ကလေးငယ်များနှင့် ကျောင်းမနေရသည့် ကလေးငယ်များကို AAR Japan က ထောက်ပံ့ပေးမည်ဖြစ်သည်။ စိတ်လူမှုဆိုင်ရာ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာနှင့် ဂရုစိုက်ပြုစုမှုဆိုင်ရာ ထောက်ပံ့ပေးမှုကို အထူးစောင့်ရှောက်ရန် လိုအပ်သော မသန်စွမ်း ကလေးငယ် တစ်ဦးချင်းစီက ရရှိမည်လည်း ဖြစ်သည်။ 

တစ်ချိန်တည်းတွင် AAR Japan က လူထု ထောက်ပံ့ကူညီမှု ကွန်ရက် ပိုမိုအားကောင်းရေး၊ အသုံးပြုရ ပိုကောင်းစေရန် ကျောင်းများ ပြန်လည်ပြင်ဆင်ရေး၊ ဆရာများအတွက် နည်းစနစ်ပိုင်းဆိုင်ရာ သင်တန်းပေးရေး၊ မိဘနှင့် ကျောင်းသားများကြား အသိပညာ ပိုမိုတိုးတက်ရေးတို့ကို လုပ်ဆောင်ပေးမည်ဟု သိရသည်။ 

စီမံကိန်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်း ကလေးများ ပညာရေး တိုးတက်စေရန်၊ အားလုံး အကျုံးဝင် ပညာရေး မြှင့်တင်မှု ကွန်ရက်ကို ထောက်ပံ့ပေးမှု ထူထောင်ပေးရန်၊ အားလုံး အကြုံးဝင် ပညာရေးကို လူထု ပိုမိုနားလည်လာစေရန်၊ အခြေခံပညာရေးနှင့် ဆက်နွှယ်၍ ပါဝင်ဆက်စပ်သူအားလုံး စီမံကိန်း၏ အကျိုးရလဒ် အသီးအပွင့်ကို မျှဝေခံစားရန်တို့ ဖြစ်ကြောင်း သိရသည်။ 

AAR Japan သည် နိုင်ငံတကာ NGO တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ထိခိုက်လွယ်သော သူများကို ကြားနေ ဘက်မလိုက် ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။ AAR Japan သည် ၁၉၉၉ ခုနှစ်က ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ခဲ့ပြီး နောက်တစ်နှစ်တွင် မသန်စွမ်းသူများအတွက် သက်မွေးပညာ သင်တန်းများကို စတင်သင်ကြားပေးခဲ့သည်။ ၂၀၁၃ ခုနှစ်ကစ၍ ကရင်ပြည်နယ်တွင် မသန်စွမ်းသူများအတွက် လူထုအခြေပြု အားလုံးပါဝင်သော ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required