သန်လျင်မြို့နယ်တွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့နှင့် လက်ရှိနေထိုင်သူတွေကြားမှာ မြေယာအငြင်းပွားမှုဖြစ်နေ  

သန်လျင်မြို့နယ်တွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့နှင့် လက်ရှိနေထိုင်သူတွေကြားမှာ မြေယာအငြင်းပွားမှုဖြစ်နေ  

ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုမှာ ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့နှင့် လက်ရှိနေထိုင်သူတွေကြားမှာ မြေယာအငြင်းပွားမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ဘုရားကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၆၃၃(A)၊ ဦးပိုင်အမှတ် (၁၄၅/၁၄၆) ကွင်းအမည် (ဇာမဏီ)၊ ဦးကျော်အမည်ပေါက် လယ်မြေဧက (၁၀.၁၀) ကို ပိုင်ဆိုင်မှုနှင့်ပတ်သက်၍  ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ဗဟို (ကွန်ဖဲ့အထူးဒေသ၊ ရွှေကျင်ငြိမ်းချမ်းရေးအဖွဲ့နှင့် တသီးပုဂ္ဂလအချို့ အငြင်းပွားနေကြခြင်းဖြစ်သည်။

အငြင်းပွားမြေကွက်များကို KNLA ဗဟို(ကွန်ဖဲ့အထူးဒေသ၊ ရွေကျင်ငြိမ်းချမ်းရေးအဖွဲ့မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် မူလပိုင်ရှင် ဦးကျော်ထံကနေ ဝယ်ယူခဲ့ကြောင်း ငြိမ်းချမ်းရေးအဖွဲ့က ထုတ်ပြန်ထားသော ကြေညာချက်တစ်ခုတွင် တွေ့ရသည်။

" ကျွန်တော်တို့ တပ်ဖွဲ့ တရားဝင် ဝယ်ယူ ပိုင်ဆိုင်သော  မြေပေါ်တွင် တရားမဝင် ကျုးကျော်နေထိုင်ကြသူများအားလုံး (၂၄ ၊ ၉၊ ၂၀၂၀) နေ့ နောက်ဆုံးထား၍ ထွက်ခွာပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။" ဟုလည်း KNLA အဖွဲ့က ခြံထဲတွင် နေသူများကို စက်တင်ဘာ ၁၈ ရက်နေ့ နေ့စွဲတပ် ဖြန့်ဝေထားသော စာတွင် ပါရှိသည်။

သို့သော် မြေကွက်များထဲတွင် ဈေးဆိုင်များ၊ လူနေအိမ်များရှိသလို အဆောက်အဦမဆောက်ရသေးသော်လည်း ပိုင်ရှင်ပါဟုဆိုသူများလည်း ရှိနေသည်။ အဆိုပါမြေကွက်များကို အဆင့်ဆင့်လက်လွှဲရောင်းချမှုများရှိနေခဲ့သည်ဟု မြေကွက်ဝယ်ယူထားသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

KNLA ဗဟို(ကွန်ဖဲ့အထူးဒေသ၊ ရွေကျင်ငြိမ်းချမ်းရေး) က မဇ္ဈိမသို့ ပြောကြားရာတွင် အငြင်းပွားမြေ ခြောက်ဧကသည် အိုးအိမ်ဦးစီးဌာနမှ တစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် လျော်ထားခဲ့သော သိမ်းဆည်းမြေဖြစ်ပြီး ကျန် လေးဧကမှာ အိုးအိမ်ဦးစီးမှ မြေလွတ်မြေရိုင်းအကွက်အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဖွဲ့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြန်လည်ရောင်းချခြင်းမရှိဟု ဆိုသည်။

အငြင်းပွားဖွယ်ရာဖြစ်ရပ်တွင် အဆိုပါမြေကွက်ထဲနေသူအချို့က ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်များတွင် KNLA အဖွဲ့ က ဆက်ကြေးကောက်သည်ဟု စွပ်စွဲရေးသားထားသည်။ သူတို့က ငွေကြေးကောက်ခံသည်ဆိုသော သက်သေအဖြစ် KNLA ကပေးခဲ့သော ပြေစာနှစ်ခုကို တင်ပြထားသည်။ ငွေကျပ် ၅၀၀,၀၀၀ နှင့် ၉၅၀,၀၀၀ တို့ အသီးသီးပေးထားသော ပြေစာများဖြစ်သည်။

 ထို့အပြင် ငွေကြေးကောက်ခံရာတွင် မပေးသည့် ဟိန္နူဘာသာဝင်အမျိုးသမီးနေအိမ်ကို ညဘက်ဝင်ရောက်ပြီး ရိုက်နှက်ကာ ဝတ်ဆင်ထားသည့် ဆွဲကြိုးကို ဖြတ်ယူသွားသည်ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်း KNLA ဗဟို(ကွန်ဖဲ့အထူးဒေသ၊ ရွေကျင်ငြိမ်းချမ်းရေးအဖွဲ့) မှ ဗိုလ်ကြီး ဆန်းလွင်ဦးက ငွေကြေးကောက်တာမှန်ပေမယ့် ၎င်းတို့ပိုင်မြေကိုငှားရမ်းထားခြင်းကြောင့် ငွေကြေး အခက်အခဲဖြစ် နေသည့်အတွက် ငွေခဏလှည့်တာဖြစ်ကြောင်း ပြောသည်။

ဗိုလ်ကြီး ဆန်းလွင်ဦးက “ ဒါက ဆက်ကြေးမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ကိစ္စနဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့ခြံကို ငှားထားတာပါ။ ငှားထားတဲ့ကိစ္စမှာ သွားစရာလာစရာရှိလို့ အခက်အခဲဖြစ်လို့ ငွေလိုလို့ ခဏပေးပါဆိုပြီး လှမ်းတောင်းတဲ့အတွက် PIONEER ကုန်မာရောင်းတဲ့ဆိုင်မှာ သွားယူလိုက်တာပါ။ ပေးတဲ့သူနဲ့ စုံပြီးတော့လည်း ရှင်းလို့ရပါတယ်” ဟု ပြောသည်။

 ရိုက်နှက်မှုများအပါအဝင် အခြားသော စွပ်စွဲချက်များနှင့်ပတ်သက်၍ KNLA ဗဟို(ကွန်ဖဲ့အထူးဒေသ၊ ရွေကျင်ငြိမ်းချမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်း ဆောင် ကော့ကေထွန်းကလည်း “ ကျွန်တော်ကိုယ်တိုင်လည်း သွားကြည့်ပါတယ်။ ချဲ့ကားပြီးတော့ လျှောက်တင်တာပေါ့။ အဲဒီလိုအခြေအနေတော့ မရှိပါဘူး။ ဖယ်ပေးဖို့ စာတွေပစ်တာဟုတ်တယ်။ ကျူးကျော်တဲ့သူတွေကို ဖယ်ထုတ်ပေးဖို့။ ဖယ်ပေးတာမရှိသေးလို့ စောင့်ကြည့်ပါလို့မှာထားပါတယ်။ ဒါက အစိုးရပိုင်းက ဖြေရှင်းပေးရမယ့် ကိစ္စတွေဖြစ်တယ်” ဟု မဇ္ဈိမသို့ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သန်လျင်မြို့မရဲစခန်းကို မေးမြန်းရာတွင် ဆက်ကြေးကောက်သည်ဆိုခြင်းမှာ မဟုတ်ဟု မဇ္ဈိမကို ပြောသည်။

သန်လျင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးဝင်းက “ မြေယာအငြင်းပွားမှုတွေဖြစ်နေတာ။ မြို့ပေါ်မှာ ဆက်ကြေး ကောက်လို့ရမလား။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ဖွင့်နေတာတွေရှိတယ်။ ကောက်လို့ဘယ်ရမလဲ။ အဲဒီနေရာက လက်လုပ်လက်စားတွေ ငါးသိန်း၊ ဆယ်သိန်းဘယ်လိုပေးနိုင်မှာလဲ။ ကိုယ့်ခြံသူခြံ ခြံစည်းရိုးကာတဲ့ ပုဒ်မ ၄၄၇နဲ့ ဖွင့်တဲ့အမှုတွေပါပဲ။ အမှုကတော့ သုံးလေးမှုလောက်တော့ရှိတယ်” ဟု မဇ္ဈိမသို့ပြောသည်။

 လက်ရှိတွင် မြေကွက်ပေါ် နေထိုင်သူများ ဖယ်ရှားခြင်းမရှိသလို ရွှေကျင်ငြိမ်းချမ်းရေးအဖွဲ့အနေဖြင့်လည်း အခြေအနေစောင့်ကြည့်သည့် အနေအထားတွင်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required