ထိုင်ဝမ်ရှိ American Institute ၏ ဒါရိုက်တာကို  သံအမတ်အဆင့် သတ်မှတ်ရန် ကွန်ဂရက်အကြံပေးအဖွဲ့တောင်းဆို  

By Nikkei Asia  
02 December 2020
ထိုင်ဝမ်ရှိ American Institute ၏ ဒါရိုက်တာကို  သံအမတ်အဆင့် သတ်မှတ်ရန် ကွန်ဂရက်အကြံပေးအဖွဲ့တောင်းဆို  

ဒီဇင်ဘာ ၂  

ထိုင်ဝမ်နှင့်အမေရိကန်ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေရန် ထိုင်ဝမ်ရှိ အမေရိကန်သံရုံးသဖွယ်ဖြစ်သော American Institute ၏ ဒါရိုက်တာကို    သံအမတ်အဆင့် သတ်မှတ်ရန် အထက်လွှတ်တော်မှ အတည်ပြုသင့်ကြောင်း အမေရိကန်ကွန်ဂရက်အကြံပေးအဖွဲ့က ဒီဇင်ဘာ ၂ ရက်၌ ပြောကြားလိုက်ပြီး စည်းလုံးညီညွတ်မှုရယူရန် စစ်ရေးကိုအသုံးပြုသော တရုတ်၏ခြိမ်းခြောက်မှုကိုလည်း သတိပေးခဲ့သည်။   

ထိုင်ဝမ်ရှိ American Institute ၏ ဒါရိုက်တာကို သံအမတ်ကြီးနှင့်ညီမျှသော အဆင့်သို့ ဖြစ်စေမည့်လှုပ်ရှားမှုပင်ဖြစ်သည်။ အစီရင်ခံစာ၏ထောက်ခံချက်များသည် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်၏ တရုတ်နှင့်ပတ်သက်သော မူဝါဒများကို ပေါ်လွင်စေသည်ဟု ထင်မြင်ယူဆရသည်။   

အမျိုးသားလုံခြုံရေးအပေါ် တရုတ်-အမေရိကန်ဆက်ဆံရေး၏အကျိုးသက်ရောက်မှုကိုစောင့်ကြည့်သော အမေရိကန်ပါတီနှစ်ရပ်ပါဝင်သော အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးဆန်းစစ်ခြင်းကော်မရှင် (USCC) ၏ နှစ်ပတ်လည်အစီရင်ခံစာ၌ ကွန်ဂရက်အနေဖြင့် ထိုင်ဝမ်ကို ထောက်ခံမှုအား ပိုမိုအားဖြည့်သင့်ကြောင်း ဖော်ပြထားသည်။  

အမေရိကန်သည် ထိုင်ဝမ်၌ အဆိုပါနယ်မြေအတွက် အမေရိကန်သံရုံးသဘောမျိုးဖြင့် American Institute ကို ဖွင့်လှစ်ထားသည်။ အထက်လွှတ်တော် ၊ ကော်မရှင် သို့မဟုတ် USCC ၏ အကြံဉာဏ်နှင့်သဘောတူညီချက်အရ American Institute ၏ ဒါရိုက်တာကိုခန့်အပ်သည့် ဥပဒေကို ကွန်ဂရက်က ပြဋ္ဌာန်းသင့်သည်ဟု  ဆိုသည်။  

American Institute သည် အမေရိကန်-ထိုင်ဝမ် အပြန်အလှန်ဆက်ဆံရေးအတွက် အဓိကလမ်းကြောင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒါရိုက်တာရွေးချယ်မှုသည် အထက်လွှတ်တော်၏အတည်ပြုချက်ဖြင့်မဟုတ်ဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ခန့်အပ်ထားခြင်းဖြစ်သည်။ 

အမေရိကန်သည် ၁၉၇၉ ခုနှစ်က ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကတည်းက ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပေ။  ဒါရိုက်တာခန့်အပ်ခြင်းအပြောင်းအလဲကို အကောင်အထည်ဖော်လိုက်ပါက ထိုင်ဝမ်သည် နိုင်ငံတကာအခြေအနေ၌ ပိုမိုမြင့်မားသော အဆင့်အနေအထားတစ်ခု ရလာနိုင်ဖွယ်ရှိသည်။  

“ထိုင်ဝမ်ကို အထီးကျန်မှု လျော့နည်းစေမယ့်နည်းလမ်းတွေအတွက် ကျွန်တော်တို့ စဉ်ဆက်မပြတ်စဉ်းစားနေတာတွေ ဒီအစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။ ဒါဟာ ရှိပြီးသားသံတမန်ဆက်ဆံရေးအခြေအနေတွေ မပြောင်းလဲစေဘဲ အမေရိကန်ထောက်ပံ့မှုကို သိသာထင်ရှားစေတဲ့ နည်းလမ်းလို့ ကျွန်တော်တို့ထင်ပါတယ်” လို့ အထက်လွှတ်တော်အမတ်ဟောင်းနှင့် USCC ကော်မရှင်နာတစ်ဦးဖြစ်သူ James Talent က ပြောသည်။  

သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်နှင့်အပြိုင် ပြင်းထန်သောမူဝါဒများရှိနေသည့်ကြားက ထိုင်ဝမ်နှင့်ဆက်ဆံရေးကို အဆင့်မြှင့်တင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးဆိုင်ရာ  အပြန်အလှန်ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။  ကျန်းမာရေးဝန်ကြီး Alex Azar သည် ဩဂုတ်လက ထိုင်ဝမ်သို့သွားခဲ့ပြီး ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်အဆင့်မြင့်အရာရှိ လာရောက်ခြင်းဖြစ်သည်။  

နောင်တက်လာမည့် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်၏အဖွဲ့သည်လည်း ထိုင်ဝမ်နှင့် ပိုမိုနီးစပ်သောဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားရမည်လားဆိုသည်ကို ဆုံးဖြတ်ရခက်လျက်ရှိသည်။ တက်လာမည့်အမေရိကန်အစိုးရသည်  တရုတ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၊ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နှင့် စစ်ဘက်လက်နက်ဖျက်သိမ်းရေးအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်သွားဖွယ်ရှိသည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ဘိုင်ဒင်သည် ထိုင်ဝမ်မှတစ်ဆင့် တရုတ်ကို ရန်စရန် ဆုံးဖြတ်ထားဖွယ်ရှိသည်။  

ပေကျင်းသည် ကုလသမဂ္ဂတွင်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ဩဇာလွှမ်းမိုးသော မဲများကို နိုင်ထက်စီးနင်းပြုလျက် ဩဇာလွှမ်းမိုးမှု တိုးချဲ့နေကြောင်းကိုလည်း USCC အစီရင်ခံစာ၌ မီးမောင်းထိုးပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required