ကုန်တင်ယာဉ်များ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြတ်သန်းခွင့် မပြုတော့  

ကုန်တင်ယာဉ်များ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြတ်သန်းခွင့် မပြုတော့  

ဒီဇင်ဘာ ၂၊ ၂၀၂၀ 

COVID-19 ကပ်ရောဂါ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် ပြုထားခဲ့သော်လည်း ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဆက်လက် ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။  

“ကျွန်တော်တို့က ကုန်စည်စီးဆင်းမှုအနေနဲ့ ဒီလိုမျိုးလေး လုပ်ရင်ကောင်းမယ်လို့ အကြံပြုတဲ့အခါမှာ နိုင်ငံတော်က ကျွန်တော်တို့ကို ဖြေလျှော့ပေးတာပေါ့။ အမြန်လမ်းမှာလည်း နောက်ဆို ခရီးသွားကားတွေ လာတော့မှာဆိုတော့ လမ်းတွေ ပျက်တယ်ပေါ့။ ယာဉ်ကြော ပိတ်ဆို့တယ်ပေါ့။ ကျွန်တော်တို့တွေ အမြန်လမ်းပေါ်က သွားခြင်းက စစ်ဆေးရေးဂိတ် မရှိတဲ့အတွက်ကြောင့်၊ အဲဒီတစ်ချက်ကိုပဲ ကျွန်တော်တို့က ကြိုက်လို့သွားတာ။ အမြန်လမ်းက ၀ (ဇီးရိုး) မိုင်က တက်လိုက်ရင် မန္တလေးကို ဘာမှ အတားအဆီးမရှိဘဲ ရောက်တယ်ကွာ။ တောင်ကြီးတို့ဆို ၂၆၂ မိုင်အထိ ဘာမှ အတားအဆီး မရှိဘူးကွာ။ လမ်းဟောင်းကသွားရင် မြို့တွေ မြို့တွေနဲ့လမ်းမှာ ပိတ်တာ ဆို့တာနဲ့ ငြင်းတာ ခုန်တာတွေနဲ့ ရှိတယ်” ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက မဇ္ဈိမကို ပြောသည်။  

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များနှင့် မြို့ဝင်/ထွက် ကိစ္စများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြီး နိုင်ငံတော်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် တွင် ကုန်တင်ယာဉ်ကြီးများ အားလုံး ဖြတ်သန်းမောင်းနှင်ခွင့်ကို အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ကုန်တင်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့်အား ပြန်လည် ရပ်နားလိုက်ခြင်း ဖြစ်သည်။  

ကုန်တင်ယာဉ်များကို ဖြတ်သန်းမောင်းနှင်ခွင့် မပြုတော့ဘဲ ယခင် ပုံမှန်သွားလာခွင့်ရှိသော အိမ်သုံးကားများ၊ Telematic စနစ်ဖြင့် သွားလာခွင့်ပြုထားသော သားစိမ်း၊ ငါးစိမ်း၊ အသီးအနှံ စသည့် ပုပ်သိုးလွယ်သည့် ကုန်များ တင်ဆောင်သည့် ယာဉ်များကိုသာ သွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ Telematic စနစ်ဆိုသည်မှာ ယာဉ်ပေါင်းမြောက်များစွာကို တစ်နေရာတည်းက လွယ်လွယ်ကူကူနှင့် ထိန်းချုပ်ပြီး စီမံခန့်ခွဲနိုင်အောင် ပြုလုပ်နိုင်သည့်စနစ် ဖြစ်သည်။   

ဖြတ်သန်းမောင်းနှင်ခွင့် မရှိသော ကုန်တင်ယာဉ်များ ဖြတ်သန်းမောင်းနှင်ပါက အမြန်လမ်းမကြီး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ပြီး မဖြစ်မနေ ဖြတ်သန်းမောင်းနှင်ရန် လိုအပ်သော ကုန်တင်ယာဉ်များ အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ အကျိုးအကြောင်း တင်ပြ၍ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းမောင်းနှင်ခွင့် ပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။  

အမြန်လမ်းသစ်ကို ဖြတ်သန်းသွားလာခွင့် မရတော့သော်လည်း အမြန်လမ်းဟောင်းတွင် သွားလာ၍ ရပြီး ထိုအမြန်လမ်းဟောင်းတွင် ကျန်းမာရေး စစ်ဆေးဂိတ်များ နည်းပြီး ဖြတ်သန်းသွားလာသည့် ယာဉ်က အများအပြား ရှိသောကြောင့် ကျန်းမာရေး စစ်ဆေးသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ဆိုသည်။  

“လမ်းဟောင်းပေါ်ကသွားတော့ ဘာဖြစ်လဲဆိုတော့ စစ်ဆေးရေးဂိတ်တွေက စစ်တဲ့နေရာက သိပ်မတိုးလာဘူး။ ဒီကားတွေက အမြန်လမ်း မသုံးရတော့ လမ်းဟောင်းတွေပေါ်က တက်မောင်းရတာပေါ့။ တက်မောင်းရတော့ ကျန်းမာရေးစစ်ဆေးတဲ့ ကိစ္စတွေက စစ်ဆေးရေးဂိတ်ကို ပိုတိုးပေးသင့်တယ်။ ဒီရက်ပိုင်း ကားတွေက များလာတယ်။ စစ်ဆေးတဲ့ အခါကျလည်း နေကပူတော့ ကားသမားတွေက အကြာကြီးရပ်ထားတော့ အခက်အခဲတွေရှိတယ်။ ဒေသအာဏာပိုင်တွေကလည်း လုပ်ပေးနေတယ်။ ဒါပေမယ့် ကားတွေက များနေတယ်။ ပြီးတော့ အိမ်စီးကားတွေကလည်း ရှိနေတယ်။ ဆိုတော့ ကျွန်တော်တို့ ကားကြီးသီးသန့်ပဲ လူက၊ ကားကြီးသီးသန့်ပဲ စစ်စေချင်တာပေါ့နော်။ ခရီးသွားက ခရီးသွားသက်သက်ပေါ့။ ကျွန်တော်တို့က ကုန်တင်ယာဉ်တွေ ယာဉ်မောင်းတွေကိုပဲ စစ်ဆေးစေချင်တာပေါ့။ ကျွန်တော်တို့ အောက်ခြေမှာလည်း အခက်အခဲတွေ ရှိနေတော့ အခုလို ကျန်းမာရေး စစ်ဆေးတဲ့နေရာတွေကို ယခုထက်ပိုပြီးတော့ တိုးပြီးတော့ လုပ်ပေးစေချင်တယ်” ဟု ၎င်းက ဆိုသည်။  

အမြန်လမ်းဟောင်းကို ပြန်လည် အသုံးပြုရသည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မှ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တို့သို့သွားသည့် ကုန်တင်ယာဉ် ပျှမ်းမျှ စီးရေ ၁၅၀၀ မှ ၂၀၀၀ ရှိပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ ရန်ကုန်သို့ဝင်သည့် ကုန်တင်ယာဉ်ကလည်း ပျှမ်းမျှ အလားတူ စီးရေ ၁၅၀၀ မှ ၂၀၀၀ ကြား ရှိကြောင်း သိရသည်။ 

အမြန်လမ်းမကြီးသို့ ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များကို ကိုဗစ်-၁၉ ရောဂါပိုး မရှိကြောင်း ထောက်ခံစာပါမှသာ ဆက်လက် သွားခွင့်ပြုပြီး ထောက်ခံစာ မပါရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါပိုးမရှိကြောင်း ထောက်ခံချက် ရရှိမှသာ ဆက်လက် သွားလာခွင့်ရခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly