ထိုင်းကျောင်းသားများ ပညာရေးဝန်ကြီးဌာနရှေ့ စုဝေးပြီး ကျောင်းယူနီဖောင်း စည်းမျဉ်းများကို ဆန့်ကျင်ဆန္ဒပြ

ထိုင်းကျောင်းသားများ ပညာရေးဝန်ကြီးဌာနရှေ့ စုဝေးပြီး ကျောင်းယူနီဖောင်း စည်းမျဉ်းများကို ဆန့်ကျင်ဆန္ဒပြ

ဒီဇင်ဘာ ၂

ထိုင်းနိုင်ငံတွင် “ကျောင်းသားဆိုးများ” ဟု ခေါ်သည့်  တက်ကြွလှုပ်ရှားသူအုပ်စုမှ ငယ်ရွယ်သည့် ကျောင်းသား၊ ကျောင်းသူများသည် ဒီဇင်ဘာ ၁ ရက်က ပညာရေးဝန်ကြီးဌာနရှေ့ စုဝေးခဲ့ပြီး စာသင်ကျောင်းများတွင် ထသွားထလာ ပေါ့ပေါ့ပါးပါး အ၀တ်အစားများ (casual dress) ၀တ်ဆင်မှုအပေါ် ပိတ်ပင်ထားမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

စာသင်ကျောင်းများ၌ အ၀တ်အစား ၀တ်ဆင်မှုပိုင်း လွတ်လပ်ခွင့်ရရေး တောင်းဆိုမှုတစ်ရပ်အဖြစ် ယူနီဖောင်းများကို အမှတ်သညာဖြင့် သရုပ်ဖော်ပြီး ပြန်လည်ပေးအပ်ရန် ယင်းနေ့ ညနေ ၄ နာရီခန့်က ဘန်ကောက်မြို့တွင်းရှိ စာသင်ကျောင်းအသီးသီးမှ ကျောင်းသားများ ပညာရေးဝန်ကြီးဌာနရှေ့ ဧရိယာတွင် စတင်စုဝေးခဲ့ကြသည်။

ယူနီဖောင်းများကို အလုံးစုံ ဖျက်သိမ်းစေခြင်း မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများကို စာသင်ကျောင်းများတွင် ၎င်းတို့ ၀တ်ဆင်လိုသည့်အတိုင်း ၀တ်ဆင်ခွင့်ပြုရေး အဆိုပါ စုဝေးပွဲတွင် တက်ရောက်လာသူများကို ဦးဆောင်ဟောပြောခဲ့သည့် ကျောင်းသားတစ်ဦးက တောင်းဆိုသွားခဲ့သည်။

အဆိုပါ အုပ်စုသည် မက်ထရိုပိုလစ်တန် ရဲဌာနမှ ခွင့်ပြုချက် တောင်းခံထားသဖြင့် ယင်းစုဝေးမှုက တရားဝင် ဖြစ်ခဲ့သည်။

ထိုင်း ကျောင်းသား၊ ကျောင်းသူများသည် ၀န်ကြီးဌာန ဂိတ်ပေါက်၌ ၎င်းတို့၏ ယူနီဖောင်းများကို စတင် ချိတ်ဆွဲ စွန့်ပစ်ခဲ့ကြသည်။ မတူညီကွဲပြားမှုကို ထင်ဟပ်ပြသစေရန် အချို့က ကာလာစုံ အ၀တ် အောင်လံတစ်ခုကို စိုက်ထူခဲ့သည်။

ကျောင်းသားအုပ်စုသည် ဒီဇင်ဘာ ၁ ရက်က စည်းရုံးလှုံ့ဆော်မှု တောင်းဆိုချက်တစ်ခုနှင့် ပညာရေးဝန်ကြီးဌာနရှေ့ ဧရိယာဓာတ်ပုံတစ်ပုံတို့ကို ၎င်းတို့၏ ကျောင်းသားဆိုးများ ဖေ့ဘွတ်ခ် စာမျက်နှာတွင် တင်ခဲ့သေးသည်။ “စည်းမျဉ်းတွေကို ပြင်ဆင်ပြောင်းလဲဖို့ ခင်ဗျားတို့ကို ကျွန်တော်တို့ တောင်းဆိုထားခဲ့တယ်၊ ခင်ဗျားတို့က ငြင်းဆန်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဆန္ဒပြနေကြရတာဖြစ်တယ်၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းတွေက ဥပဒေအပေါ် လေးစားမှု မရှိဘူး၊ ကျောင်းသားတွေကို လုပ်ကြံအသရေဖျက်ဖို့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ထားတယ်၊ ဒီနေ့ ညနေ လေးနာရီမှာ ခင်ဗျားတို့ ယူနီဖောင်းတွေကို အိတ်တွေထဲ ထုတ်ပိုးပြီး ပညာရေး ၀န်ကြီးဌာန ရှေ့ လာစုဝေးကြပါ” ဟု အဆိုပါ ပို့စ် မက်ဆေ့ချ်တွင် ရေးသားထားသည်။

ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းတွင် အ၀တ်အစား ၀တ်ဆင်မှု လွတ်လပ်ခွင့်ရရေးအတွက် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် စာသင်နှစ်၏ ပထမသင်တန်းကာလ စတင်မှုအတွက် ကျောင်းသား အချို့သည် ထသွားထလာ ပေါ့ပေါ့ပါးပါး အ၀တ်အစားများ ၀တ်ဆင်ထားခဲ့ကြသည်။

ကျောင်းသား တက်ကြွလှုပ်ရှားသူအဖွဲ့ထံမှ အမြင်သဘောထားများကို ကြားနာရာတွင်   အခြေခံပညာရေးကော်မရှင်ရုံး၏ လက်ထောက် နစ်ဖွန် ခုန်ဗီဟာက ၀န်ကြီးဌာန အမှုဆောင်များကို ကိုယ်စားပြုကာ လုပ်ဆောင်နေခဲ့သည်။

ကျောင်းသား၊ကျောင်းသူများ ထသွားထလာ ပေါ့ပေါ့ပါးပါး အ၀တ်အစားများ ၀တ်ဆင်ခြင်းအပေါ် ကျောင်းများမှ ပိတ်ပင်မှုနှင့်ပတ်သက်သည့် သတင်းများ စာသင်ကျောင်းများထံကနေ မရရှိသေးဟု ၎င်းက ပြောသည်။

“နောက်ဆုံး ရရှိထားခဲ့တဲ့ အချက်အလက်တွေအရ နိုင်ငံတ၀န်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈၀ ဦးအထိ ဒီနေ့မှာ ထသွားထလာ ပေါ့ပေါ့ပါးပါး အ၀တ်အစားတွေ ၀တ်ပြီး ကျောင်းကို လာခဲ့ကြတယ်၊ စာသင်ကျောင်းအားလုံးကလည်း သူတို့ကို ပိတ်ပင်တားမြစ်ဖို့ မကြိုးစားဘဲနဲ့ အတန်းတွေ တက်ခွင့်ပြုထားခဲ့တယ်” ဟု မစ္စတာ နစ်ဖွန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required