ကိုဗစ်ကာလတွင် HIV ပိုးနှင့် နေထိုင်သူ ၆၀ ရာခိုင်နှုန်း ဆေးဝါးထောက်ပံ့မှုများ ရရှိ 

ကိုဗစ်ကာလတွင် HIV ပိုးနှင့် နေထိုင်သူ ၆၀ ရာခိုင်နှုန်း ဆေးဝါးထောက်ပံ့မှုများ ရရှိ 
အမေရိကန်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် ဩဂုတ်လအတွင်းက PrEP (Pre-Exposure Prophylaxis) ဆေးခန်းကို မြန်မာနိုင်ငံ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၏ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ - U.S. Embassy Rangoon/Facebook)

ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အသွားအလာ ကန့်သတ် စောင့်ကြည့်ထားချိန်တွင် HIV ပိုးနှင့် နေထိုင်ရသူများအတွက် အရေးကြီးသည့် ဆေးဝါးများ မပြတ်လပ်စေရန် လရှည်ကြာ ဆေးဝါးထောက်ပံ့မှုများ ရရှိခဲ့ကြောင်း သိရသည်။  

အမေရိကန်သမ္မတ၏ ခုခံအားကျဆင်းမှုရောဂါ ကယ်ဆယ်ရေး အရေးပေါ်အစီအစဉ် - ပက်ဖာ (PEPFAR) က ပံ့ပိုးထားသည့်ဒေသမှ HIV ပိုးနှင့် နေထိုင်သူ ၈၇ ရာခိုင်နှုန်း အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ HIV ပိုးနှင့် နေထိုင်နေသူ ၆၀ ရာခိုင်နှုန်းကျော် အရေးကြီးဆေးဝါးများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စ ကွမ်ကတ်နိုက ပြောသည်။  

ပက်ဖာ (PEPFAR) အစီအစဉ်နှင့် လက်တွဲပြီး စီမံဆောင်ရွက်ပေးနိုင်ခဲ့ကြသည့် မြန်မာပြည်သူများ၊ ကျန်းမာရေး လုပ်သားများ အားလုံးကို ချီကျူးကြောင်း ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အမှာစကားတွင် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စ ကွမ်ကတ်နိုက ပြောထားခြင်း ဖြစ်သည်။  

“ကျန်းမာရေးကဏ္ဍမှာ ကျွန်မတို့ရဲ့ ခိုင်မာတဲ့ မိတ်ဖက် လက်တွဲဆောင်ရွက်နေမှု အစိတ်အပိုင်းအနေနဲ့ HIV/AIDS ကူးစက်ရောဂါ ပပျောက်ရေးအတွက် ပက်ဖာ (PEPFAR) လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ ခုခံအားကျဆင်းမှုရောဂါ ကယ်ဆယ်ရေး အရေးပေါ်အစီအစဉ်က တစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အမေရိကန် ပြည်ထောင်စုက အပြည့်အဝ သန္နိဋ္ဌာန်ချထားပါတယ်” ဟု သံရုံး ယာယီတာဝန်ခံက ပြောသည်။  

ဆေးကုသရန် လိုအပ်နေသူများအတွက်လည်း ပက်ဖာက ပံ့ပိုးထားသည့် ဆေးခန်းများမှ ကြိုတင် ရက်ချိန်းယူသည့်စနစ်ဖြင့် လူနာစောင့်နေရာများကို ဆေးခန်းအပြင်ဘက်တွင် ပိုးသတ်ထားသော တစ်ကိုယ်ရည် ကျန်းမာရေးစနစ်၊ လူမှုရေးအရ ခပ်ခွာခွာနေရသည့် စနစ်တို့ကို ကျင့်သုံးပြီး ဆောင်ရွက်ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။  

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် HIV ကူးစက်မှု ၃၆ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ကြောင်း၊ ဤသို့ လျှော့ချနိုင်ခြင်းမှာ တစ်ကမ္ဘာလုံး ပျှမ်းမျှအတိုင်းအတာထက် ပိုကြောင်းလည်း မစ္စ ကွမ်ကတ်နိုက ပြောသည်။ 

ကိုဗစ်-၁၉ ကြောင့် အိမ်တွင်း၌သာ နေထိုင်ရန် အမိန့်မထုတ်မီ HIV ရောဂါပိုးဖြင့် နေထိုင်ကြရသူများအတွက် အရေးကြီးဆေးများကို လများစွာအတွက် ကြိုတင် ဖြန့်ဝေပေးခဲ့သည် (ဓာတ်ပုံ - U.S. Embassy Rangoon/Facebook)  

မြန်မာနိုင်ငံအတွင်း HIV/AIDS တုံ့ပြန်ဆောင်ရွက်ရေးအတွက် ပက်ဖာသည် ၂၀၁၃ ခုနှစ်ကစပြီး ဒေါ်လာ ၇၀ ဒသမ ၃ သန်းကျော် ထည့်ဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွက် ပက်ဖာ၏ ကြိုးပမ်းအားထုတ်မှုသည် အမေရိကန်အစိုးရက ထည့်ဝင်သည့် ဒေါ်လာ ၈၅ ဘီလီယံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ဤရောဂါတစ်ခုတည်းကို ကိုင်တွယ်ဖြေရှင်းရန် အခြားနိုင်ငံများထက် အများဆုံး ကတိပြုထားသည့်နိုင်ငံ ဖြစ်ကြောင်း မစ္စ ကွမ်ကတ်နိုက ပြောသည်။  

မြန်မာနိုင်ငံတွင် HIV ကူးစက်မှုအသစ် ဖြစ်ပွားစေမှု၏ အဓိက အရင်းခံဖြစ်သော မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများ၏ မိသားစုဝင်များ၊ မိတ်ဆွေများကို အကူအညီပေးနိုင်ရန် ပက်ဖာက “၅၂၈ မေတ္တာ -  မူးယစ်ဆေးနှင့်မိသားစု” ဆိုသည့် ကမ်ပိန်းကို Facebook လူမှုကွန်ရက်ပေါ်တွင် ယမန်နှစ်က စတင်ခဲ့သည်။  

ထို့အပြင် ယခုနှစ်တွင် ပက်ဖာက HIV ပိုးနှင့် နေထိုင်နေရသူများ အများစု ခံစားနေရသေးသည့် ဘဝဒဏ်ရာ အမည်းစက်များကို ကူညီဖယ်ရှား ဖြေရှင်းပေးရန်နှင့် HIV ပိုး ရှိသူများသည် ကုသမှုကို ထိထိရောက်ရောက် ခံယူပြီးနောက် အခြားသူများကို ကူးစက်နိုင်သည့် အန္တရာယ် မရှိနိုင်တော့ကြောင်း သေချာစွာ နားလည် သဘောပေါက်စေရန် “ရှေ့ဆက်တို့အတူ ယူ=ယူ” ကမ်ပိန်းကို Facebook ပေါ်တွင် စတင်ခဲ့ကြောင်း သိရသည်။ 

မြန်မာ ပြည်သူလူထု၏ ဆန္ဒလိုလားမှုများဖြစ်သည့် အားလုံးပါဝင်သော ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကျန်းမာကြံ့ခိုင်သည့် ပြည်သူတစ်ရပ်သည် မရှိမဖြစ် အရေးကြီးလှကြောင်း၊ အနာဂတ်တွင် HIV/AIDS ကပ်ရောဂါ ပပျောက်သွားမှုကို အောင်ပွဲခံမည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်မှုနေ့ ဆင်နွှဲကျင်းပနိုင်မည့်ရက်ကို မျှော်လင့်လျက်ရှိနေကြောင်းလည်း မစ္စ ကွမ်ကတ်နိုက ပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly