အိမ်ဖြူတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာဘ်ပေးလာဘ်ယူမှုဆိုတဲ့ ဖြစ်နိုင်ခြေကို အမေရိကန်အစိုးရရှေ့နေတွေ စုံစမ်း 

အိမ်ဖြူတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာဘ်ပေးလာဘ်ယူမှုဆိုတဲ့ ဖြစ်နိုင်ခြေကို အမေရိကန်အစိုးရရှေ့နေတွေ စုံစမ်း 

ဒီဇင်ဘာ ၂ 

အမေရိကန်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အလဲအလှယ်အဖြစ် အိမ်ဖြူတော်ကို ငွေကြေးစီးဆင်းမှုတွေရှိတယ်ဆိုတဲ့  ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်မှုတစ်ခုကို အမေရိကန် တရားရေးရာဌာနက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ဖယ်ဒရယ်တရားရုံးဆီရောက်ရှိလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

အမေရိကန် ခရိုင်တရားသူကြီး Beryl Howell က လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာဘ်ပေးလာဘ်ယူမှုအတွက် စုံစမ်းစစ်ဆေးမှု ကိုလုပ်နေကြောင်း ဒီဇင်ဘာ ၁ ရက် အင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။

စွပ်စွဲထားချက်အသေးစိတ်တွေကို အများပြည်သူဖတ်နိုင်တဲ့ပုံစံနဲ့ဖွင့်ချပြခဲ့ပြီး စာမျက်နှာ ၁၈ မျက်နှာပါ စာတမ်းရဲ့ တစ်ဝက်လောက်ကိုတော့ ဖုံးကွယ်ထားပါတယ်။ ပါဝင်ပတ်သက်သူတွေရဲ့နာမည်ကိုတော့ ဖော်ပြမထားပါဘူး။ 

ပြစ်ဒဏ်လျှော့ပေါ့ဖို့ ဒါမှမဟုတ် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့အလဲအလှယ်အတွက်  တစ်စုံတစ်ယောက်က များပြားတဲ့နိုင်ငံရေးဆိုင်ရာ ငွေကြေးထည့်ဝင်မှုတွေ ပေးကမ်းခဲ့တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ဝါရှင်တန်ဖယ်ဒရယ်အစိုးရရှေ့နေတွေက ပြောဆိုထားပါတယ်။

နောက်ပြီး အိမ်ဖြူတော်စီနီယာအရာရှိတွေအတွက် ဥပဒေနဲ့မညီဘဲ စည်းရုံး ဆွယ်တရားဟောပေးသူနှစ်ယောက်ကိုလည်း  အစိုးရရှေ့နေတွေက စစ်ဆေးနေကြပါတယ်။ 

အမေရိကန် တရားရုံးက ရှေ့နေတစ်ဦးနဲ့ အမှုသည်များအကြား ဆက်သွယ်ပြောဆိုထားတဲ့ တချို့သောအီးမေးလ်တွေကို ကြည့်ရှုခွင့်ကို  ခရိုင်တရားသူကြီး Howell ဆီက ခွင့်ပြုချက်တောင်းခံထားပါတယ်။  အမှုသည်တွေက ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုဖော်ပြထားခြင်းမရှိပါဘူး။

ဘယ်အစိုးရအရာရှိကိုမှ ပစ်မှတ်ထားစုံစမ်းတာမဟုတ်ဘူးလို့လည်း တရားရေးရာဌာနအရာရှိတစ်ဦးက ပြောပါတယ်။ 

Howell က အမေရိကန်တရားရုံးနဲ့တောင်းဆိုချက်ကို ဩဂုတ်လက ခွင့်ပြုခဲ့ပြီး ရှေ့နေနဲ့အမှုသည်ရဲ့ အထူးအခွင့်အရေးကို  ဒီဖြစ်စဉ်မှာ အသုံးမပြုခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

Howell ရဲ့ညွှန်ကြားချက်အရ အစိုးရရဲ့ စုံစမ်းစစ်ဆေးသူတွေဟာ iPhones၊  iPad ၊ laptop ၊ memory stick ၊ hard drive နဲ့ ကွန်ပျူတာ စတာတွေအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာပစ္စည်းပေါင်း ၅၀ ကျော်တို့ကို သိမ်းယူခဲ့ကြပါတယ်။ 

အမေရိကန်ဖွဲ့စည်းပုံအရ သမ္မတတွေဟာ ဖယ်ဒရယ်ရာဇဝတ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ လိုလိုလားလားရှိကြပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်က အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

Michael Flynn ဟာ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းစဉ်အတွင်း FBI ကို လိမ်ညာခဲ့တဲ့အကြောင်း နှစ်ကြိမ်တိုင်တိုင် အပြစ်ဝန်ခဲ့တာဖြစ်ပါတယ်။ 

Michael Flynn ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဟာ အိမ်ဖြူတော်မှာ ထရမ့်ရဲ့ နောက်ဆုံးရက်သတ္တပတ်ကာလတွေအတွင်း လွတ်ငြိမ်းချမ်းသာခွင့်တွေပေးမယ်လို့ မျှော်လင့်ထားတဲ့ အစီအစဉ်တွေအနက် ပထမဆုံးတစ်ခုဖြစ်ပါတယ်။ 

ပါဝင်ပတ်သက်သူတစ်ဦးချင်းစီနဲ့ လုပ်ဆောင်ချက်တွေကို တရားစွဲဆိုမှုတွေ မပြုရသေးတဲ့အတွက် လူသိရှင်ရှားမဖြစ်စေဘဲ စုံစမ်းမှုတွေ ဆက်လုပ်ချင်တယ်လို့ တရားရေးဌာနက ခရိုင်တရားသူကြီး Beryl Howell ကိုပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required