ရွေးကောက်ပွဲ မဲမသမာမှု သက်သေအထောက်အထား မတွေ့ရှိရဘူးလို့ အမေရိကန်ရှေ့နေချုပ် ပြော

ရွေးကောက်ပွဲ မဲမသမာမှု သက်သေအထောက်အထား မတွေ့ရှိရဘူးလို့ အမေရိကန်ရှေ့နေချုပ် ပြော
Photo - AFP

ဒီဇင်ဘာ ၂

နိုဝင်ဘာ ၃ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရရှိမှု ရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်လောက်မယ့် မဲ မသမာမှု သက်သေအထောက်အထားတွေကို တရားရေးဝန်ကြီးဌာနဘက်က မတွေ့ရှိထားဘူးလို့ အမေရိကန်ရှေ့နေချုပ် ဘီလ်ဘားက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ရွေးကောက်ပွဲမှာ ရလဒ် ပြောင်းလဲသွားစေနိုင်လောက်တဲ့အထိ မသမာမှုမျိုးတွေကို ကျွန်တော်တို့ လက်ရှိအချိန်အထိ မတွေ့ရှိရပါဘူး” လို့ ဘားက အေပီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ ကမ်ပိန်းအဖွဲ့ဟာ ဂျော်ဂျီယာ၊ မီချီဂန်၊ ပန်ဆယ်လ်ဗေးနီးယား အပါအ၀င် အဓိက ပြည်နယ်တွေမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး သက်သေပြဖို့ မလျှော့တမ်း ဇွတ်ကြိုးစားနေချိန်မှာပဲ ခုလိုမျိုး ရှေ့နေချုပ် ဘားရဲ့ ပြောစကား ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုရွေးကောက်ပွဲမှာ ဘိုင်ဒင် အနိုင်ရမှုကို လာမယ့် ဒီဇင်ဘာ ၁၄ ရက် သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အဖွဲ့အစည်းအဝေးမှာ တရားဝင် အတည်ပြုမှာကို တားဆီးကာကွယ်နိုင်ဖို့ ထရမ့် ကမ်ပိန်းအဖွဲ့က မျှော်လင့်နေတာ ဖြစ်ပါတယ်။

“ရှေ့နေချုပ်ကိုတော့ လေးစားပါတယ်၊ ဒါပေမယ့် ဒါက တရားရေး ဌာနတစ်ခု စုံစမ်းစစ်ဆေးမှုရဲ့ ပုံပန်းအသွင်မျိုး ရှိမထားပါဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ တရားရေးစနစ်နဲ့ ပြည်နယ် ဥပဒေပြုအာဏာပိုင်အဖွဲ့တွေဆီကနေတဆင့် အမှန်တရားနောက် ဆက်လိုက်သွားမှာပါ” လို့ ထရမ့်ရဲ့ အကျိုးဆောင် ကိုယ်စားလှယ်ရှေ့နေတွေဖြစ်ကြတဲ့ ရူဒီ ဂီအူလီယာနီ နဲ့ ဂျန်နာ အဲလစ်တို့က ရှေ့နေချုပ် ဘားရဲ့ ကြေညာချက်အပေါ် တုံ့ပြန်ပြောကြားသွားခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မဲပေးမှုမှာ တရားဝင်ပေးထားတဲ့ မဲအရေအတွက်ထက် မဲတွေ ကျော်လွန်များပြားနေမှု၊ မဲလက်မှတ်အတုတွေ ရှိမှု၊ သေဆုံးပြီးသားသူတွေရဲ့မဲတွေ ရှိနေခဲ့မှုနဲ့ မဲရေတွက်တဲ့ စက်တွေကို ဘိုင်ဒင် ဘက် အသာရစေအောင်  ဖန်တီးထားမှုတွေအထိ ရှိခဲ့တယ်ဆိုပြီး ထရမ့်ရဲ့ ရှေ့နေတွေက ထုတ်ဖော်စွပ်စွဲထားခဲ့ပါတယ်။

တရားရုံးတွေရဲ့ ပယ်ချမှုကို ခံထားရတဲ့ ဥပဒေဆိုင်ရာ အမှုဖွင့်ဆိုထားမှုတွေတချို့မှာတော့ ဘိုင်ဒင် ရတဲ့ မဲအရေအတွက်သန်းနဲ့ချီကို ပယ်ဖျက်ခံရစေဖို့ ထရမ့် ကမ်ပိန်းအဖွဲ့က ကြိုးပမ်းထားခဲ့ပါတယ်။

ရှေ့နေချုပ် ဘားကတော့ စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်လို့ ဖြေရှင်းသွားတာတော့ မရှိပါဘူး။

“ရွေးကောက်ပွဲရလဒ်တွေကို လွဲမှား တိမ်းချော်စေအောင် စက်တွေကို ပရိုဂရမ်ဆွဲထားတယ်ဆိုတာနဲ့ စနစ်တကျရှိတဲ့ မသမာမှုတွေ ရှိတယ်ဆိုတဲ့ အဆိုယူဆချက်တစ်ခု ရှိခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သက်လို့ အမိမြေလုံခြုံရေးဌာနနဲ့ တရားရေးဌာနတို့က စစ်ဆေးကြည့်ခဲ့ပါတယ်၊ လက်ရှိအချိန်အထိတော့ ဒါနဲ့ပတ်သက်လို့ ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်တဲ့ အရာတွေ ကျွန်တော်တို့ မတွေ့ရှိခဲ့ပါဘူး” လို့ ရှေ့နေချုပ် ဘားက ပြောသွားခဲ့ပါတယ်။

ဘားကတော့ သမ္မတထရမ့်အပေါ် နိုင်ငံရေးအရ သစ္စာခံသူတစ်ဦးအဖြစ် ကာလကြာ ရှုမြင်ခံထားခဲ့ရသူလည်း ဖြစ်ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ထရမ့်ဟာ ရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ ၎င်းကို ထောက်ခံအားပေးဖို့ တရားရေးဌာန အကြီးအကဲက မကြိုးစားခဲ့တဲ့အပေါ် မပျော်မရွှင်ဖြစ်နေသလို ဘားဟာလည်း ရာထူးကနေ အထုတ်ခံရနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required