ဂျာမနီမှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်မိမှုကြောင့် လသားကလေးငယ် အပါအ၀င် ၅ ဦး သေဆုံး

ဂျာမနီမှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်မိမှုကြောင့် လသားကလေးငယ် အပါအ၀င် ၅ ဦး သေဆုံး
Photo - AFP

ဒီဇင်ဘာ ၂

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ထရိုင်ယာမြို့မှာ ယမန်နေ့ ဒီဇင်ဘာ ၁ ရက်က ကားတစ်စီးက ခြေကျင် လမ်းသွားလမ်းလာတွေရဲ့ ဈေးဝယ်လျှောက်လမ်းတစ်ခုထဲ ထိုးဝင်တိုက်မိခဲ့တဲ့အတွက် လသားအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လူ ငါးဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနောက် ကားဒရိုင်ဘာဖြစ်သူကိုလည်း ရဲက ဖမ်းဆီးထားခဲ့ပါတယ်။

ဒရိုင်ဘာဖြစ်သူဟာ အသက် ၅၁ နှစ်အရွယ် ထရိုင်ယာမြို့ ဇာတိ အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရပုံပေါ်ပြီး ဖြစ်စဉ်ဖြစ်ပွားချိန်ကလည်း အရက်မူးနေခဲ့တယ်လို့ အစိုးရရှေ့နေ ပီတာ ဖရစ်ဇန်က ပြောပါတယ်။

အဲဒီလို ကားနဲ့ ၀င်တိုက်မိမှုကြောင့် အခြား လူ ၁၄ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သံသယရှိသူကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးနောက်မှာတော့ ဒီဖြစ်စဉ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တစ်ခု ရှိတယ်လို့ မယူဆမိကြောင်း ရဲတွေက ပြောပါတယ်။ ဒါ့အပြင် ဒရိုင်ဘာဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ကုသမှု ခံယူစေဖို့ ပန်ကြားချက်တွေကို တာဝန်ရှိသူတွေဘက်က စဉ်းစားနေတယ်လို့ ဖရစ်ဇန်က ပြောပါတယ်။

အဆိုပါ အမျိုးသားဖြစ်သူ ၎င်းရဲ့ SUV ကားကို ဈေးဝယ်သူတွေထဲ ၀င်တိုက်မိခဲ့ချိန် သေဆုံးခဲ့သူတွေထဲမှာ ကိုးလအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၇၃ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးတို့လည်း ပါဝင်ခဲ့တယ်လို့ ထရိုင်ယာ မြို့တော်ဝန် ဝေါ့ဖ်ဖရမ် လေဘီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

“ဒီဖြစ်စဉ်ကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထရိုင်ယာမြို့ရဲ့ အမှောင်မိုက်ဆုံး နေ့ ဖြစ်တယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ၎င်းက ပြောပါတယ်။

အသက် ၂၅ နှစ်ရှိ အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၅ နှစ်ရှိ အမျိုးသားတစ်ဦးတို့လည်း သေဆုံးခဲ့ပြီး ပဉ္စမမြောက် သေဆုံးသူရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။

ကားသမားရဲ့ ရူးနှမ်းမိုက်မဲတဲ့ လုပ်ရပ်ကြောင့် သေဆုံးသူတွေထဲမှာ လသားအရွယ်ကလေးတစ်ဦး ပါဝင်ခဲ့တဲ့အတွက် တုန်လှုပ်မိတယ်လို့ ထရိုင်ယာမြို့ တည်ရှိတဲ့ ရိုင်းလန်း-ပယ်လက်တီနိတ် ပြည်နယ် ၀န်ကြီးချုပ် မာလူ ဒရီယာက ထုတ်ဖော်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်းမိတယ်လို့လည်း သူမက ပြောသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာလည်း ဒဏ်ရာတွေ ရခဲ့လို့ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရပါတယ်။

ဒီဖြစ်စဉ်မှာ ကားက လူအုပ်ထဲ ၀င်တိုက်ခဲ့ချိန် လူတွေ လေထဲ မြောက်တက်လွင့်ထွက်သွားခဲ့တာကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရတယ်ဆိုပြီး မျက်မြင်တွေ့ရှိသူတွေက အစောပိုင်းမှာ ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required