မြို့ဝင်ဂိတ်သို့ ဆေးလက်မှတ်အတုဖြင့်ဝင်​ရောက်လာသူအား အရေးယူရန် တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု ပုသိမ်အုပ်ချုပ်ရေးမှူးပြော

မြို့ဝင်ဂိတ်သို့ ဆေးလက်မှတ်အတုဖြင့်ဝင်​ရောက်လာသူအား အရေးယူရန် တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု ပုသိမ်အုပ်ချုပ်ရေးမှူးပြော
ဓာတ်ပုံ - မင်းထက် (ပုသိမ်)

ဒီဇင်ဘာ ၁

ပုသိမ်မြို့ဝင်ကိုးဆူ ကိုဗစ် စစ်ဆေးရေးဂိတ်တွင်ဆေးလက်မှတ်အတုဖြင့် ဝင်ရောက်လာသော ကုန်တင်ယာဉ်အား အရေးယူရန် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ပုသိမ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှူး ဦးရာဇာအေးက ပြောသည်။

၎င်းကုန်တင်မော်တော်ယာဉ်အားအသက် ၂၅နှစ်အရွယ် ဦးမိုးဆက်အောင်မှ ရန်ကုန်မြို့မှ မောင်းနှင်လာခဲ့ပြီး ပုသိမ်မြို့၀င်ရှိ ကိုဗစ်စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာ​ခြင်းဖြစ်သည်။

ဓာတ်ပုံ - မင်းထက် (ပုသိမ်)

ကုန်တင်ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက်များအားစစ်ဆေးသည့်နေရာ၌ ၎င်းယူဆောင်လာခဲ့သောဆေးစစ်ချက်စာရွက်အားစစ်ဆေးရာ ယခင်ထုတ်ပေးထားသော ထောက်ခံချက်စာရွက်များနှင့်တူညီမှုမရှိသည်ကို တွေ့ရသဖြင့် ထိုယာဥ်မောင်းအားစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်မြို့ဝင် ကိုးဆူဂိတ် ကိုဗစ်စစ်ဆေးရေးဂိတ် တာ၀န်ခံ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးသိန်းအောင်က ပြောသည်။

"သူ့စာရွက်ကိုစစ်ဆေးကြည့်တာ မူလထုတ်ပေးထားခဲ့တဲ့ စာရွက်ကိုစခရင်ဖတ်ပြီး ဘောပင်နဲ့ ကိုယ့်သဘောကိုယ်နဲ့ ပြန်ရေးထားတာ မြို့နယ်ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာပြည့်ဖြိုးသွင်ရဲ့ လက်မှတ်အတုထိုးထားတာလဲတွေ့တယ်၊ စာရွက်ပေါ်မှာ ရိုက်ပေးထားတဲ့ တံဆိပ်တုံးကလည်း အပြာမဟုတ်ဘဲ အမဲဖြစ်နေတာ တွေ့ရတယ် အဲ့ဒီကားမှာယာဉ်နောက်လိုက်မပါဘူး ကားဒရိုင်ဘာ ဦးမိုးဆက်အောင် တစ်​ယောက်တည်းသာ မောင်းလာတာ လောလောဆယ်စစ်ဆေးချက်တွေ အရတော့ ယာဉ်မောင်းတဲ့သူ အချင်းချင်းအဲ့ဒီစာရွက်ကို လုပ်ပေးခဲ့တာပါ "ဟု ဦးသိန်းအောင်က ပြော သည်။

ဓာတ်ပုံ - မင်းထက် (ပုသိမ်)

အဆိုပါယာဉ်မောင်းနှင့် ၎င်း၏ယာဉ်အား ပုသိမ်မြို့မရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းထားပြီး၊ မည်သည့်ဥပဒေ ပုဒ်မဖြင့်တရားစွဲဆိုရမည်ကို တိုင်းအစိုးရအဖွဲ့၏ညွှန်ကြားချက်အားစောင့်ဆိုင်း လျှက်ရှိကြောင်း ပုသိမ်မြို့နယ် ရဲစခန်းမှ တာ၀န်ရှိ ရဲအရာရှိက ပြောသည်။

အောက်တိုဘာ ၈ရက်နေ့မှ နို၀င်ဘာ ၃၀ရက်နေ့ အထိ ဧရာဝတီတိုင်းသို့ဝင်ရောက်လာသော ကုန်တင်ယာဉ် ၆၂၆၂ စီးမှ ယာဉ်မောင်း နှင့် ယာဥ်နောက်လိုက် ၁၀၈၄၅ဦးအားစစ်ဆေးခဲ့ရာပိုးတွေ့သူ ၁၅၆ ဦးရှိကြောင်း သိရသည်။ ၎င်း၁၅၆ ဦးတွင် တိုင်းအတွင်း နေထိုင်သူ ၆၉ ဦးရှိပြီး ၈၇ ဦးမှာအခြား ပြည်နယ်တိုင်းများတွင်နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required