နယ်မြေအတွင်းရှိ တပ်စခန်းများ ဖျက်သိမ်းပေးရေး KNLA တောင်းဆို   

နယ်မြေအတွင်းရှိ တပ်စခန်းများ ဖျက်သိမ်းပေးရေး KNLA တောင်းဆို   
Photo - EPA

ဒီဇင်ဘာ ၁

ကရင်ပြည်နယ်က ကျေးရွာများတွင် တပ်မတော်က စခန်းချ တပ်စွဲထားသည့် တပ်စခန်းများကို ၂၀၂၀ ပြည့်နှစ်အကုန်တွင် အပြီးအပိုင် ရုတ်သိမ်းပေးရန် ကရင်လက်နက်ကိုင်အဖွဲ့ KNLA က ဒီဇင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း (၃) ပါ သဘောတူညီချက်များအရ ပြည်သူလူထုနှင့် ဆက်စပ်သည့် နေရာများတွင် စစ်ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်၊ အင်အားတိုးချဲ့ခြင်း၊ အင်အားသစ် ဖြည့်တင်းခြင်း၊ တပ်စခန်းသစ် ဆောက်လုပ်ခြင်းများ မပြုလုပ်ရန် သဘောတူညီထားသော်လည်း တပ်မတော်အနေဖြင့် တပ်စခန်းသစ်များ တိုးချဲခဲ့သောကြောင့် အဆိုပါ အချက်များကို ချိုးဖောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

တပ်မတော်ဘက်က တပ်စခန်းများကို မရုတ်သိမ်းဘဲ ဆက်လက် တပ်စွဲထားမယ်ဆိုပါက KNLA နယ်မြေမှာ တပ်မတော်နှင့် ထိတွေ့မှု ဖြစ်လာနိုင်သည်ဟု KNLA က ဗိုလ်မှူးချုပ် ရှာထုဝေါင်က ပြောသည်။ 

“ကျွန်တော်တို့က ဒီအပေါ်မှာ အမြဲတမ်း သံသယစိတ်တွေက ရှိတယ်လေ။ ဒီသံသယစိတ်ကို ဖြေလျှော့နိုင်ဖို့ နှစ်ဘက်အချင်းချင်း ယုံကြည်မှုတွေ ရှိလာမှ ဖြစ်မယ်။ ရှိလာဖို့အတွက်က ကျွန်တော်တို့ အခု ဒီထုတ်ပြန် ကြေညာချက်အတိုင်း မျှော်လင့်ထားသလို ဖြစ်မလာဘူး။ တပ်မတော်က ချိုးဖောက်ကျူးလွန်မှုတွေကို ရှေ့ဆက် ပြုလုပ်လာမယ်ဆို ကျွန်တော်တို့ဘက်ကပေါ့လေ၊ KNU ရဲ့ ပယောဂကြောင့် မဟုတ်ဘူး၊ တပ်မတော်ရဲ့ ပယောဂကြောင့်ပါ” ဟု ဗိုလ်မှူးချုပ် ရှာထုဝေါင်က ပြောသည်။ 

KNLA တည်ရှိရာ ဖာပွန်ခရိုင် တပ်မဟာ (၅)၊ တောင်ငူခရိုင် တပ်မဟာ (၂) စသည့် နယ်မြေများ အပါအဝင် ကရင်ပြည်နယ်အတွင်းက ကျေးရွာများတွင် တပ်မတော်ဘက်က တပ်စခန်းပေါင်း ၁၀၀ ဝန်းကျင် တိုးချဲ့ စခန်းချထားကြောင်း KNLA ဗိုလ်မှူးချုပ် ရှာထုဝေါင်က ဆိုသည်။  

KNLA ဟာ ၂၀၁၂ ခုနှစ်တွင် အပစ်အခတ် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။  

KNLA က NCA လက်မှတ်ရေးထိုးခဲ့ပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ် ကိုယ်စားလှယ်တွေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများကို အသေးစိတ် တွေ့ဆုံညှိနှိုင်းရန် သဘောတူထားသော်လည်း ယခု အချိန်ထိ မဆွေးနွေးရသေးကြောင်း သိရသည်။  

တပ်မတော်က ကရင်ပြည်နယ်ရှိ ကျေးရွာများတွင် တပ်စခန်းများ တိုးချဲ့ စခန်းချထားသည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required