စစ်တပ်ပိုင်နေအိမ်မှာ နေထိုင်နေမှုအတွက် ဖွဲ့စည်းပုံခုံရုံးရဲ့ စီရင်ချက်ချမှုကို ထိုင်းဝန်ကြီးချုပ် စောင့်ဆိုင်း

စစ်တပ်ပိုင်နေအိမ်မှာ နေထိုင်နေမှုအတွက် ဖွဲ့စည်းပုံခုံရုံးရဲ့ စီရင်ချက်ချမှုကို ထိုင်းဝန်ကြီးချုပ် စောင့်ဆိုင်း
Photo - AFP

ဒီဇင်ဘာ ၁

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ စစ်တပ်အကြီးအကဲရာထူးကနေ အငြိမ်းစားယူထားပြီးပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ စစ်တပ်ပိုင် စံအိမ်တစ်လုံးမှာ နေထိုင်လျက်ရှိတယ်ဆိုတဲ့ အမှုကိစ္စတစ်ခုနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ စီရင်ချက်ချမှတ်မှုကို ခံယူသွားရဖို့ ရှိနေပါတယ်။

ပရာယွတ်ဟာ စစ်တပ် နေအိမ်တစ်လုံးမှာ နေထိုင်နေတာက စည်းမျဉ်းဥပဒေတွေ ချိုးဖောက်ထားတာမျိုး ရှိမရှိ ခုံရုံးက ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ 

မနက်ဖြန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဘယ်လို ဆုံးဖြတ်ချက်မျိုး ချချ၊ သူ့အနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က ဒီဇင်ဘာ ၁ ရက်မှာ ပြောသွားခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင်အဖြစ်ကနေ ၀န်ကြီးချုပ် ဆက်ဖြစ်နေခဲ့တဲ့ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း စစ်တပ်ခေါင်းဆောင်ရာထူးကနေ အငြိမ်းစားယူထားပြီးပြီ ဆိုပေမယ့် ခုချိန်မှာ စစ်တပ် နေအိမ်တစ်လုံးမှာ နေထိုင်နေတာဖြစ်ပါတယ်။

အဲဒီကတော့ စစ်တပ် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားကောင်းထားနိုင်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နိုင်ပြီး ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စီရင်ချက်ချမှတ်သွားမှာဖြစ်ပါတယ်။

တကယ်လို့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ၀န်ကြီးချုပ် ပရာယွတ်ဟာ ရာထူးကနေ နုတ်ထွက်ရနိုင်သလို နိုင်ငံရေးလုပ်ခွင့် နှစ်နှစ် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

“တရားရုံး ဆုံးဖြတ်ချက် ဘယ်လို ထွက်လာမလဲ ကျွန်တော်က ပိုပြီး စိတ်ဝင်စားပါတယ်၊ တရားရုံး ကြားနာမှုအတွက် ကျွန်တော့်ရဲ့ ဥပဒေအဖွဲ့မှာ ဘယ်သူတွေ လိုက်ပါသွားမလဲ ဆိုတာတော့ မမေးကြပါနဲ့၊ အဲဒါက ဒီကိစ္စမှာ ကျွန်တော့်ကို ဘာမှ အကူအညီဖြစ်စေမှာ မဟုတ်ပါဘူး၊ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်” လို့ ပရာယွတ်က ပြောပါတယ်။

“အရင်ကာလတွေတုန်းကလည်း ကျွန်တော့်အပေါ် ဖွင့်တဲ့ အမှုတွေ အများအပြား ရှိခဲ့ပါတယ်၊ ကျွန်တော် လုပ်ခဲ့တာကတော့ သူတို့ကို အဖြေတွေနဲ့ ပြန်ရှင်းလင်းခဲ့တာပါပဲ၊ ကျွန်တော် လုပ်ဖို့ လိုတာက ကိစ္စရပ်တစ်ခုကို ရှင်းလင်းဖို့ပါပဲ၊ တကယ်လို့ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိရင် ကျွန်တော့်မှာ အပြစ်ရှိလို့ပေါ့၊ ဒါမှမဟုတ် ကျွန်တော့်မှာ အပြစ်မတွေ့ဘူးဆိုရင် ကျွန်တော့်မှာ အပြစ်မရှိလို့ပေါ့၊ ဒါပါပဲ” လို့ ပရာယွတ်က ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required