အဂတိကော်မရှင်ဉက္ကဋ္ဌဦးအောင်ကြည် တာဝန်မှနှုတ်ထွက်

အဂတိကော်မရှင်ဉက္ကဋ္ဌဦးအောင်ကြည် တာဝန်မှနှုတ်ထွက်

ဒီဇင်ဘာ ၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဉက္ကဋ္ဌ ဦးအောင်ကြည်သည် ဒီဇင်ဘာ ၁ရက်နေ့တွင်ကော်မရှင်ဥက္ကဌအဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွန်ကြားရေးမှူး ဦးကျော်စိုးက အတည်ပြုပြောကြားသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဉက္ကဋ္ဌကြီးကတော့ ဒီနေ့ပဲ နိုင်ငံတော်သမ္မတရုံးကနေ မိမိဆန္ဒအလျောက်နုတ်ထွက်ခွင့်ကို နိုင်ငံတော်သမ္မတကြီးကနေ နုတ်ထွက်ခွင့်ပြုလိုက်ပါပြီ။” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွန်ကြားရေးမှူး ဦးကျော်စိုးက အတည်ပြုပြောကြားသည်။

ကော်မရှင်ဉက္ကဋ္ဌ ဦးအောင်ကြည်အနေဖြင့် ယခုကဲ့သို့ တာဝန်မှနုတ်ထွက်ခြင်းသည် နိုင်ငံရေး၊အစိုးရနှင့်အဆင်မ ပြေခြင်း၊ စီးပွားရေး၊လူမှုရေးကိစ္စတို့ကြောင့်မဟုတ်ကြောင်းလည်း ညွန်ကြားရေးမှူး ဦးကျော်စိုးက ဆက်လက် ပြောကြားသည်။

“ဉက္ကဋ္ဌကြီးနုတ်ထွက်တာ နိုင်ငံရေးကြောင့်လည်းမဟုတ်ပါဘူး။အစိုးရနဲ့လည်း အဆင်မပြေလို့မဟုတ်ဘူး။စီးပွား ရေး၊လူမှုရေးကြောင့်လည်းမဟုတ်ဘူးဆိုတာကို ကျွန်တော်အခိုင်အမာပြောကြားလိုပါတယ်” ဟု ညွန်ကြားရေး မှူး ဦးကျော်စိုးက အတည်ပြုပြောကြားသည်။

ယခုကဲ့သို့တာဝန်မှနုတ်ထွက်ရန်အတွက် ကော်မရှင်ဉက္ကဋ္ဌဦးအောင်ကြည်အနေဖြင့် ရက်အနည်းငယ်အတွင်း စီစဉ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ယခင်ကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကော်မရှင်ဉက္ကဋ္ဌ၏ သက် တမ်းသည် နိုင်ငံတော်သမ္မတ၏သက်တမ်းအတိုင်းဖြစ်ပြီး လက်ရှိတွင် ကော်မရှင်၏သက်တမ်းသည် ကုန်ဆုံး တော့မည့်အပြင် ကော်မရှင်အဖွဲ့ဝင်အသီးသီးသည် အသက် ၇၅ နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ကြောင်း ကော်မရှင်ဥပဒေ ပုဒ်မ (၉)တွင်ဖော်ပြထားချက်အရ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် အနေဖြင့်လည်း အသက် ၇၅ နှစ်သို့ရောက်ရှိနေခြင်းကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်လည်း ၎င်းက ပြောသည်။

ထို့ကြောင့် ကော်မရှင်ဉက္ကဋ္ဌဦးအောင်ကြည်သည် နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာလ ၁၆ရက်နေ့က ကိုယ်တိုင်သွား ရောက်တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးအောင်ကြည်သည် အငြိမ်းစားဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ယခင်စစ်အစိုးရလက်ထပ်တွင် အလုပ်သမားဝန်ကြီး၊ ဆက်ဆံရေး ဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့နောက် ဦးအောင်ကြည်သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၉ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့ပြီး၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့စဉ် သက်တမ်းအတွင်း ၂၀၁၈ ခုနှစ်တွင် တိုင်ကြားစာရရှိမှု ၁၀၅၄၃ စောင်၊၂၀၁၉ ခုနှစ်တွင်  ၉၃၉၄ စောင်နှင့်၂၀၂၀ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ ၅၀၃၇ စောင်ရရှိခဲ့သည်။

စုံစမ်းစစ်ဆေးခဲ့သည့်အမှုများအနက် ၂၀၁၈ခုနှစ်တွင် စုံစမ်းစစ်ဆေးမှု ၄၆ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၈၄ စောင်နှင့် ၂၀၂၀ ခုနှစ်တွင် ၆၃ စောင်ရှိခဲ့ပြီး ၂၀၁၈ နိုင်ငံရေးရာထူးရှိသူ တစ်ဦး၊အဆင့်မြင့်အရာရှိ ကိုးဦး ၊အရာထမ်း ၁၃ ဦး၊အမှုထမ်း ၁၇ ဦးနဲ့ပြည်သူဝန်ထမ်း ခြောက်ဦး စုစုပေါင်း ၄၆ ဦးရှိခဲ့သည်။

၂၀၁၉ခုနှစ်တွင် နိုင်ငံရေးရာထူးရှိသူ တစ်ဦး၊အဆင့်မြင့်အရာရှိ သုံးဦး ၊ ၊အရာထမ်း၂၃ ဦး၊အမှုထမ်း ၃၈ဦး၊ပြည်သူဝန်ထမ်း တစ်ဦးနှင့်ပြင်ပပုဂ္ဂိုလ် ၁၅ ဦး စုစုပေါင်း ၈၁ ဦး ၊၂၀၂၀ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အရာထမ်း ၁၄ ဦး၊အမှုထမ်း ၁၀ ဦး၊ပြည်သူ့ဝန်ထမ်း နှစ်ဦးနဲ့ပြင်ပပုဂ္ဂိုလ် သုံးဦး စုစုပေါင်း ၂၉ ဦးရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required