တနင်္သာရီမြို့၌ အရှည် ၆ ပေကျော်ရှိ ရှားပါး ကြံ့သူတော် တွေ့ရှိ 

တနင်္သာရီမြို့၌ အရှည် ၆ ပေကျော်ရှိ ရှားပါး ကြံ့သူတော် တွေ့ရှိ 
ဓာတ်ပုံ - ဒီမိုးသွေး  (မြိတ်)

ဒီဇင်ဘာ ၁

ရှားပါးတိရစ္ဆာန် မျိုးစိတ်ဝင် ကြံ့သူတော် အမတစ်ကောင်ကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တောတွင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ 

တနင်္သာရီမြို့နယ်၊ အမှတ် (၉) ကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာ၏ အရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေသအခေါ် ရုပ်သေချောင်းရှိ တောတွင်းတွင် တောဝက် ထောင်ချောက်၌ မိနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

အဆိုပါ ရှားပါး မျိုးစိတ်ဝင် ကြံ့သူတော်၏ အရွယ်အစားမှာ အမြင့် ၃ ပေ ၇ လက်မ၊ အလျား ၆ ပေ ၆ လက်မနှင့် ကိုယ်ထည်လုံးပတ် ၆ ပေ ရှိသည်ဟု သိရသည်။ 

ဓာတ်ပုံ - ဒီမိုးသွေး  (မြိတ်)

တနင်္သာရီမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သီဟဇော်က “အခု ကျွန်တော်တို့ သစ်တောက ကြံ့သူတော်ကို ထိန်းသိမ်းထားပါတယ်။ ဒဏ်ရာ ရရှိထားတာဖြစ်လို့ မွေးကု (မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန) နဲ့ ဆေးကုသပေးဖို့ စီစဉ်နေတယ်” ဟု ပြောသည်။ 

တောဝက် ထောင်ချောက်၌ ညွှတ်ကိုင်းမိနေသော ရှားပါး မျိုးစိတ်ဝင် ကြံ့သူတော်ကို သစ်တော ဦးစီးဌာန၏ စစ်ဆေးချက်အရ ညာဘက် ရှေ့လက်တွင် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း တွေ့ရပြီး လမ်းမလျှောက်နိုင် ဖြစ်နေသဖြင့် ဆေးဝါးကုသရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ - ဒီမိုးသွေး  (မြိတ်)

ကြံ့သူတော်တို့သည် တစ်ကြိမ်လျှင် တစ်ကောင်ကျသာ မွေးလေ့ရှိကြောင်း သိရပြီး မလေးရှား ကျွန်းဆွယ်ရှိ ကြံ့သူတော်သည် အလျား ၈ ပေခန့်ရှိ၍ ပုခုံးအထိ အမြင့်မှာ ၃ ပေ ၃ လက်မ မြင့်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌ ထားဝယ်ဒေသ၊ မြိတ်ဒေတို့တွင် ကြံ့သူတော်များကို တွေ့ရလေ့ရှိကြောင်းလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required