ပုဂံဘုရားများ လူဦးရေအကန့်အသတ်ဖြင့် ဖူးမြော်ရန် အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရေး စီစဉ်  

ပုဂံဘုရားများ လူဦးရေအကန့်အသတ်ဖြင့် ဖူးမြော်ရန် အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရေး စီစဉ်  

ဒီဇင်ဘာ ၁ 

ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားများ၊ စေတီပုထိုးများ၊ ပြတိုက်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး အွန်လိုင်းမှ ကြိုတင် စာရင်းသွင်း (booking) စနစ်ဖြင့် ဖူးမြော်၊ လေ့လာခွင့်ပြုရန် အစီအစဉ်လည်း ပါဝင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။  

ဘုရားဖူးများ လာရောက်ဖူးမြော်ခွင့် တရားဝင် ခွင့်ပြုချက်ကျပြီဆိုပါက ဖူးမြော်လိုသူများအနေဖြင့် လာရောက်မည့်နေ့၊ အချိန်နှင့် ဖူးမြော်မည့် လူအရေအတွက်ကို အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာတင်ရမည့် ပုံစံဖြင့် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

ထိုသို့ အွန်လိုင်းမှ ကြိုတင်စာရင်းသွင်း စနစ်ဖြင့် လျှောက်လွှာတင်ရာတွင် လူဦးရေ မည်မျှလက်ခံသွားမည် ဆိုသည်ကို အသေးစိတ် မဆုံးဖြတ်ရသေးကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။  

“မလုပ်ရသေးဘူးဆိုတာက ကျွန်တော်တို့တစ်ခုတည်း၊ ဒီပုဂံဘုရားတွေ၊ ပြတိုက်တွေ တစ်ခုတည်း မဟုတ်ဘူးလေ။ ပုဂံဒေသကြီး တစ်ခုလုံးကို ဝင်ရောက်လာမယ့် လူတွေက အဓိကကျတယ်။ မြန်မာပြည် တစ်ပြည်လုံးက သွားလာခွင့် ရလိုက်ပြီဆိုတာနဲ့ ပြုံပြီးဆင်းလာကြမှာ ဒီမှာ။ ဒီရောက်တဲ့အခါကျမှ အကုန်လုံးက ရောဂါပါတဲ့သူရော ရောဂါမရှိတဲ့သူရော အကုန်လုံးက ဒီမှာတွေ့ဆုံပြီးတော့မှ ကူးလူးဆက်ဆံပြီး ရောဂါတွေက ပြန့်ပွားသွားနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့် ဒီပုဂံဒေသကို စဝင်ပြီဆိုကတည်းကိုက လာရမယ့်သူတွေက သူတို့မူလရှိတဲ့ နေရာကနေ ရောဂါကင်းလွတ်ချက် ထောက်ခံချက်တွေ၊ ဘာတွေ၊ ဒါမျိုးတွေနဲ့ လာမှ ရမယ့်သဘောရှိတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဆိုသည်။  

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဘုရားစေတီပုထိုးများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပြင်ဆင်ထားကြောင်းနှင့် ဘုရားများအား ပြန်လည် ဖွင့်လှစ်ခွင့်ပေးသည့်အခါတွင် ဘုရားစေတီပုထိုးများ အားလုံး ဖူးမြော်ခွင့်ရမည့် အနေအထား ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဆက်လက်ပြောသည်။  

ဘုရားစေတီပုထိုးများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည်မှာ သီတင်းနှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။  

လက်ရှိတွင် ဂေါပကအဖွဲ့များသည် ဘုရားဖူးဧည့်သည်များအပေါ် ဆောင်ရွက်ပေးရမည့် စည်းကမ်းချက်များ၊ ဘုရားဖူးဧည့်သည်များ အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရေးဆွဲနေပြီး ပြည့်ပြည့်စုံစုံ မပြီးစီးသေးကြောင်းနှင့် ဘုရားစေတီပုထိုးများအား မည်သည့်နေ့တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဆိုသည်ကိုလည်း မသိရှိရသေးကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဆိုသည်။ 

“ကျွန်တော်တို့ကို ရက်တွေဘာတွေ သတ်မှတ်ပြီးတော့မှ ဘယ်ရက် အပြီးလုပ်ပေးပါတို့ဘာတို့ ဒါမျိုးတွေလည်း မရှိဘူး။ သို့သော်လည်းပဲ ဒီဟာကို ဖွင့်မယ်ဆိုရင် ဖွင့်နိုင်အောင်အတွက် လိုအပ်တဲ့ဟာတွေကို စီမံဆောင်ရွက်ဖို့ စီမံချက်ရေးဆွဲတင်ပြဖို့၊ ဒါပဲလာသေးတယ်။ ဆိုတော့ ဒီက စီမံချက်တွေ တင်ပေးရဦးမယ်။ စီမံချက်တွေရောက်ပြီး အဆင့်ဆင့် တည်းဖြတ်ရဦးမယ်။ ဖြည့်စွက်ကြဦးမယ်။ အဲ့ဒါတွေပြီးမှ တကယ့်အပေါ်မှာ ဗဟိုကိုဗစ်ကော်မတီမှာ အစည်းအဝေးတွေ လုပ်ပြီးတော့မှ ညွှန်ကြားမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။  

ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်၍ ယဉ်ကျေးမှုနယ်မြေ ဒေသအတွင်းရှိ သမိုင်းဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက် ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့သော်လည်း COVID-19 တကျော့ပြန် မဖြစ်ပွားခင်ကာလ၊ ကူးစက်မှုများ နည်းပါးချိန်ကာလ ဇွန်လဆန်းပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ဘုရားများအား အချိန်ကန့်သတ်ချက်ဖြင့် ပြန်လည် ဖူးမျှော်ခွင့်ပြုခဲ့သည်။  

သို့သော် အစိုးရရုံးပိတ်ရက်များတွင် ပုဂံဘုရားများ လာရောက်ဖူးမြော်သူ များပြားပြီး လူစုလူဝေးဖြစ်ခဲ့ကြသည့်အတွက် ဇူလိုင် ၂၉ ရက်နေ့မှ စတင်ကာ ဘုရားများဖူးမြော်ခွင့် ယာယီ အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။  

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ချက်များကို ဒီဇင်ဘာ ၅ ရက်နေ့အထိ တားမြစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required