အာမေးနီးယားတို့ လွှဲပေးခဲ့တဲ့ နောက်ဆုံး အရပ်ဒေသထဲကို အဇာဘိုင်ဂျန် တပ်ဖွဲ့တွေ ၀င်လာ

အာမေးနီးယားတို့ လွှဲပေးခဲ့တဲ့ နောက်ဆုံး အရပ်ဒေသထဲကို အဇာဘိုင်ဂျန် တပ်ဖွဲ့တွေ ၀င်လာ
Photo - AFP

ဒီဇင်ဘာ ၁

အငြင်းပွား နာဂေါ်နို ကာရာဘက်ခ် ဒေသအရေး သီတင်းပတ်များစွာကြာ တိုက်ခိုက်မှုတွေကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အရ အာမေးနီးယားတို့ လက်လွှတ်လွှဲပြောင်းပေးအပ်ခဲ့ရတဲ့ နောက်ဆုံးအရပ်ဒေသထဲကို ဒီဇင်ဘာ ၁ ရက်မှာ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေ ၀င်ရောက်လာခဲ့ပါတယ်။

အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ အဇာဘိုင်ဂျန် အလံ လွှင့်ထားတဲ့ တင့်ကားတစ်စီးက ထရပ်ကားတန်းတစ်ခုကို ဦးဆောင်ပြီး လာချင်ဒေသထဲ ၀င်လာတာကို ပြသခဲ့ပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ရုရှားမှ စစ်ကားတွေ ခြံရံပြီး မောင်းနှင်လာခဲ့တဲ့ အဇာဘိုင်ဂျန် ယာဉ်တန်းတစ်ခုကို လာချင်မြို့က အေအက်ဖ်ပီ သတင်းထောက်တွေကလည်း မြင်တွေ့ခဲ့ရပါတယ်။

တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းစေခဲ့တဲ့ သဘောတူညီချက် တစ်စိတ်တစ်ဒေသအနေနဲ့ အာမေးနီးယားတို့ဟာ ကာရာဘက်ခ် ၀န်းကျင်က ဒေသသုံးခုဖြစ်တဲ့ အက်ဂဒမ်၊ လာချင်နဲ့ ကယ်လ်ဘာဂျာတို့ကို လွှဲပြောင်းပေးအပ်ဖို့ သဘောတူညီခဲ့ရပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ထိုးစစ်တစ်ခုက ၁၉၉၀ စစ်ပွဲမှာ အာမေးနီးယား ခွဲထွက်ရေးသမားတွေဆီ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေအနက် အချို့ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

အက်ဂဒမ်နဲ့ ကယ်လ်ဘာဂျာ တို့လိုပဲ လာချင် ဒေသခံတွေဟာလည်း လွှဲပြောင်းပေးအပ်မှု မတိုင်ခင် နေရာကနေ ကသုတ်ကရက် ထွက်ခွာပေးခဲ့ကြရပြီး ခြံမွေးတိရစ္ဆာန်တွေ၊ ထင်းတွေ၊ ပရိဘောဂပစ္စည်းတွေနဲ့ ယုတ်စွအဆုံး ပလတ်စတစ် ရေပိုက်တွေကိုပါ ၎င်းတို့နဲ့အတူ တစ်ပါတည်း ယူသွားခဲ့ပါတယ်။

ဒေသခံတစ်ချို့ဟာ မထွက်ခွာခင် သူတို့ရဲ့ အိမ်တွေကို မီးရှို့သွားခဲ့ကြပြီး နိုဝင်ဘာ ၃၀ ရက် ညနေခင်းအထိ လာချင်မြို့ စွန်မှာ နေအိမ်နှစ်လုံး မီးလောင်နေခဲ့ပါသေးတယ်။

လာချင်စင်္ကြန်တစ်လျှောက် နေထိုင်ခွင့်ပြုထားတဲ့ သူတွေကလွဲလို့ ဒေသခံတွေကို ညနေ ၆ နာရီ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ သတ်မှတ်ပေးထားခဲ့တယ်လို့ ဒေသ အရာရှိတစ်ဦးဖြစ်တဲ့ ဒါဗစ် ဒေ့ယန်က ပြောပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်အရ နှစ်ဘက်အကြားနဲ့ စင်္ကြန်တစ်လျှောက်မှာ ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၂,၀၀၀ ခန့်ကို တပ်ဖြန့်ချထားပါတယ်။ လာချင် စင်္ကြန် ဆိုတာကတော့ လာချင်ကို ဖြတ်သန်းပြီး ကာရာဘက်ခ်ရဲ့အဓိကမြို့ စတီပန်နာကာ့ခ် နဲ့ အာမေးနီးယားကို ချိတ်ဆက်နေတဲ့ ၆၀ ကီလိုမီတာ (၃၅ မိုင်) ရှိ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

ရုရှား စစ်ကားတွေ ရှေ့နဲ့နောက်မှာ ခြံရံထားပြီးတော့ အဇာဘိုင်ဂျန် စစ်တပ် ထရပ်ကားတန်းတစ်ခု ညတွင်းချင်းပဲ စင်္ကြန်တစ်လျှောက် ဖြည်းဖြည်းချင်း မောင်းလာခဲ့ပါတယ်။

ဒေသ အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းဖို့အတွက် လူ ၂၀၀ လောက်ကို ဆက်နေခွင့်ပြုသွားမယ်လို့ ဒေ့ယန်က ပြောပါတယ်။

“သွားစရာ နေရာမရှိလို့ မထွက်ခွာနိုင်သေးတဲ့ ဒေသခံတွေကတော့ သူတို့ ဆက်နေပြီး အင်္ဂါနေ့မှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်” လို့ ၎င်းက ပြောပါတယ်။

၁၉၉၁ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲတစ်ခုမှာ နာဂေါ်နို ကာရာဘက်ခ် ဒေသဟာ အဇာဘိုင်ဂျန် ထိန်းချုပ်မှုကနေ ခွဲထွက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ သေဆုံးသူ ၃၀,၀၀၀ လောက် ရှိခဲ့ပါတယ်။

အဲဒီဒေသကတော့ လွတ်လပ်ရေး ကြေညာခဲ့ပေမယ့် ဒါကို  ဘယ်နိုင်ငံကမှ တရားဝင် အသိအမှတ် မပြုခဲ့ပါဘူး။

သီတင်းပတ် ခြောက်ပတ်ကြာ တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေမှာတော့ အဇာဘိုင်ဂျန် စစ်တပ်က ခွဲထွက်ရေးတပ်ဖွဲ့တွေအပေါ် အသာစီးရခဲ့ပြီး စတီပန်နာကာ့ခ်အထိ ဆက်ချီတက်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ပါတယ်။

သဘောတူညီချက်အောက်မှာတော့ အာမေးနီးယားတို့ဟာ ၁၉၉၀ မှာ ကာရာဘက်ခ် ပတ်ဝန်းကျင်မှာ သိမ်းယူထားခဲ့တဲ့ အရပ်ဒေသ ခုနစ်ခုကို ယခုအခါ ထိန်းချုပ်ခွင့်ဆုံးရှုံးရပြီဖြစ်ပါတယ်။ ထွက်ပြေးထားခဲ့ကြရတဲ့ အဇာဘိုင်ဂျန် အများအပြားဟာလည်း ယခုအခါ ပြန်လာဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ကာရာဘက်ခ်ရဲ့ ဆိုဗီယက် ခေတ် နယ်မြေ အများစုကို ဆက်လက် ထိန်းသိမ်းထားတယ်ဆိုပေမယ့် အဓိကကျတဲ့ ရှုးရှားမြို့ကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။

အဇာဘိုင်ဂျန်ထံ ပေးအပ်လိုက်ရတဲ့ နယ်မြေဒေသတွေကနေ အာမေးနီးယားတွေ ထွက်ပြေးခဲ့ကြရပေမယ့် လာချင်က ဒေသခံအချို့ကတော့ ဘယ်သွားလို့ သွားရမှန်း မသိဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

လာချင် စင်္ကြန်အနားက အေဂါနို ကျေးရွာမှာတော့ အသက် ၆၀ နှစ်အရွယ် အရက်ခ် စယာ ဂယော့ခ်ချာကျန် ဆိုသူ အမျိုးသမီးကြီးကတော့ အခြားဒေသခံတွေ သူတို့ရဲ့ ပရိဘောဂတွေ၊ ထင်းတွေကို ကားတွေပေါ် တင်နေတာကို ကြည့်ရှုနေခဲ့ပါတယ်။

“ဘယ်ကို သွားရမယ် ကျွန်မ မသိဘူးဖြစ်နေတယ်၊ စစ်ပွဲကာလအတွင်းမှာ ကျွန်မ ဒီမှာ နေခဲ့တာပါ၊ ဒါက ကျွန်မရဲ့ အိမ်ပါ” လို့ သူမက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ အခြား အာမေးနီးယားတွေကတော့ ကာရာဘက်ခ်ကိုပဲ ပြန်သွားနေခဲ့ကြပြီဖြစ်ပါတယ်။

ကူညီမှုတွေ လုပ်ပေးနေတဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ တိုက်ပွဲတွေကနေ ထွက်ပြေးခဲ့ကြရသူ ၂၅,၀၀၀ ကျော်လောက်ကို ပြန်ခေါ်ပေးထားပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required