တာချီလိတ်မှ ပြန်လာသည့် ထိုင်းများတွင် ကိုဗစ်ပိုးတွေ့၍ နယ်စပ်လုံခြုံရေး ထပ်တင်းကျပ် 

တာချီလိတ်မှ ပြန်လာသည့် ထိုင်းများတွင် ကိုဗစ်ပိုးတွေ့၍ နယ်စပ်လုံခြုံရေး ထပ်တင်းကျပ် 
မြန်မာနိုင်ငံ၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင် နယ်စပ် (ဓာတ်ပုံ - EPA) 

ဒီဇင်ဘာ ၁၊ ၂၀၂၀ 

မြန်မာနိုင်ငံဘက်မှ ပြန်လာသည့် ထိုင်းနိုင်ငံသားများတွင် ကိုဗစ်ရောဂါပိုး တွေ့ပြီးနောက် ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ မရှိစေရေး နယ်စပ်လုံခြုံရေးကို တိုးမြှင့် တင်းကျပ်ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ညမှောင်ရိပ်ခိုပြီး ပြန်လာသည့် အသက် ၂၆ နှစ်နှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတွင် ကိုဗစ်ရောဂါ ကူးစက်ထားကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း ချင်းရိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး အကြီးအကဲ ထော်ဆတ်ထပ် ဘွန်ထောင်က ဘန်ကောက်ပို့စ်သို့ ပြောထားသည်။ 

၎င်းအမျိုးသမီး နှစ်ဦးစလုံးသည် နိုဝင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံထဲသို့ ခိုးပြန်လာပြီးနောက် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး အလုပ်လုပ်သည့် ဖျော်ဖြေရေးဆိုင်တွင် အလုပ်လုပ်သူများ ဖြစ်ကြောင်း သိရသည်။     

အမျိုးသမီး သုံးဦးအနက် တစ်ဦးက မြန်မာနိုင်ငံမှ ခိုးပြီး ပြန်ဝင်လာခြင်းအကြောင်းကို အွန်လိုင်းတွင် တင်ရာမှ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးက သိရှိပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

နိုဝင်ဘာ ၂၄ ရက်တွင် ခိုးပြန်လာသည့် အမျိုးသမီးကို ချင်းမိုင်မြို့သို့ လာသည့် ဘတ်စ်ကားပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါ လက္ခဏာများ ပြနေသည့်တိုင် ဈေးဝယ်စင်တာနှင့် ဘားတစ်ခုသို့လည်း သွားခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသမီး သုံးဦးနှင့် ထိတွေ့ခဲ့သူ လူ ၂၀၀ ခန့်ကိုလည်း ထိုင်းတာဝန်ရှိသူများက ခြေရာခံ စုံစမ်းနေကြသည်။ 

ထိုအမျိုးသမီး သုံးဦးစလုံးသည် တာချီလိတ်တွင် အလုပ်လုပ်သူများဖြစ်ပြီး မြန်မာအာဏာပိုင်များက ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာကြသူများ ဖြစ်သည်။ 

တာချီလတ်မြို့တွင် မြန်မာအာဏာပိုင်များက ညမထွက်ရအမိန့်ထုတ်လိုက်သဖြင့် ယင်းမြို့တွင် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသားများ ပြန်လာနိုင်ဖွယ်ရှိသောကြောင့် ထိုင်းတာဝန်ရှိသူများက ထိုင်း-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးကို တိုးမြှင့်တင်းကျပ်နေခြင်း ဖြစ်သည်။ 

ထိုင်း-မြန်မာနယ်စပ်တွင် လုံခြုံရေးလှည့်ကင်းများ ထပ်မံ တိုးမြှင့်ချထားခြင်း၊ စောင့်ကြည့် ကင်မရာများနှင့် မီးမောင်းများ ထပ်မံတပ်ဆင်ခြင်း၊ လုံခြုံရေးလှည့်ကင်းအဖွဲ့များကို ဒရုန်းတပ်ဆင်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ပါမောင် အထူးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဆမ်ရစ်က ဘန်ကောက်ပို့စ်သို့ ပြောထားသည်။  

မြန်မာနိုင်ငံဘက်တွင် အလုပ်လုပ်နေသည့် ကိုဗစ်ရောဂါ ကူးစက်ထားသည့် ထိုင်းနိုင်ငံသားများ တရားမဝင် ပြန်လာခဲ့ကြကြောင်း၊ အချို့ ထိုင်းနိုင်ငံသားများသည် ဖျားနာလာသဖြင့် ထိုင်းတွင် ဆေးကုသရန် ပြန်လာခြင်းဖြစ်ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ပရာချွန် ပရတ်ဆာကူက ဘန်ကောက်ပို့စ်သို့ ပြောသည်။ 

မြန်မာနိုင်ငံဘက်တွင် သောင်တင်နေသည့် ထိုင်းနိုင်ငံသားများ တွေ့ရှိလျှင် ရှိနေသည့်နေရာကို အကြောင်းကြားရန်နှင့် ထိုင်းနိုင်ငံဘက်သို့ ပြန်ပို့ပေးရန် မြန်မာတာဝန်ရှိသူများသို့ ထိုင်းက အကြောင်းကြားထားကြောင်းလည်း သိရသည်။ 

မယ်ဆိုင် နယ်စပ်ဧရိယာတွင် ကွာရင်တင်းစင်တာတစ်ခု ဖွင့်ရန်လည်း ပြင်ဆင်နေကြောင်းလည်း ချင်းရိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ထိုင်းအမျိုးသမီးများ နယ်စပ်မှ ခြေလျင် ခိုးဝင်နိုင်ရန် အကူအညီပေးနေသည့် လူကုန်ကူးဂိုဏ်း ရှိနေပြီး နိုင်ငံခြားသားက ဦးဆောင်သည်ဟု ကနဦး သိထားကြောင်း၊ ယင်းဂိုဏ်းကို စုံစမ်း ဖော်ထုတ်နေကြောင်းလည်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောထားသည်။  

နယ်စပ်ကိုဖြတ်၍ မြန်မာနိုင်ငံဘက်မှ ပြန်လာသူများကို ကူညီသူ မည်သူမဆို အရေးယူခံရမည်ဟု ထိုင်းအာဏာပိုင်များက ကြေညာထားသည်။  

အဖမ်းခံရသည့် ထိုင်းနိုင်ငံသားများ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံထဲသို့ ပြန်ခိုးဝင်ရန် တစ်ဦးလျှင် ဘတ်ငွေ ၃,၀၀၀ မှ ၅,၀၀၀ အထိ (ကျပ် ၁၃၀,၀၀၀ ကျော်မှ ၂၁၀,၀၀၀ ကျော်အထိ) ဝန်ဆောင်ခ ပေးရကြောင်း၊ ခိုးဝင်သူများသည် လယ်သမားများကဲ့သို့ ရုပ်ဖျက်ဝတ်ဆင်ထားကြသည်ကို တွေ့ရကြောင်းလည်း သိရသည်။ 

နယ်စပ်လုံခြုံရေးကို တိုးမြှင့် တင်းကျပ်နေသော်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မည်စိုးသဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးဂိတ်ကိုမူ ဆက်ဖွင့်ထားမည်ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်-မယ်ဆိုင် နယ်စပ်ကို ဖြတ်ကျော်မည့် ကုန်တင်ကားမောင်းသူများသည် ကိုဗစ်စစ်ဆေးရန် လိုကြောင်း၊ သို့သော် ပြည်နယ် အတွင်းပိုင်းသို့ ဝင်ခွင့်မရှိကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ရန် စာရင်းပေးထားသည့် ကုန်တင်ကားမောင်းသူ ၂၈၅ ဦး ရှိကြောင်းလည်း သိရသည်။ ကုန်တင်ကားမောင်းသူ မြန်မာနိုင်ငံသားများကို ကိုဗစ်ရောဂါ ကျပမ်း စစ်ဆေးပေးရန်လည်း ထိုင်းတာဝန်ရှိသူများက မြန်မာတာဝန်ရှိသူများထံ တောင်းဆိုမည်ဟု သိရသည်။  

ထိုင်းနိုင်ငံတွင် အသစ်ထပ်မံ တွေ့ရှိရသည့် ကိုဗစ်ပိုးတွေ့လူနာ ၂၁ ဦးအနက် ၁၇ ဦးမှာ နိုင်ငံပြင်ပမှ ပြန်လာသူများဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly