COVID-19 ရဲ့ မူလဇာစ်မြစ်ကို ဖော်ထုတ်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ WHO ပြော 

COVID-19 ရဲ့ မူလဇာစ်မြစ်ကို ဖော်ထုတ်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ WHO ပြော 
Photo - AFP

ဒီဇင်ဘာ ၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ COVID-19 ရဲ့ တိရစ္ဆာန်နဲ့ဆိုင်တဲ့ မူလဇာစ်မြစ်တွေကို ရှာတွေ့နိုင်ဖို့အတွက် အတတ်နိုင်ဆုံး အစွမ်းရှိသမျှ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ WHO ရဲ့ အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က နိုဝင်ဘာ ၃၀ ရက် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ 

ဒါ့အပြင် ဒီ COVID-19 မူလဇာစ်မြစ် စုံစမ်း စစ်ဆေးမှုရဲ့ ဦးစီးဦးကိုင်နေရာကို တရုတ်ထံ ပေးအပ်ထားတယ်လို့ WHO အပေါ် စွပ်စွဲထားကြတဲ့ ဝေဖန်သူတွေကိုလည်း ဒီကိစ္စမှာ နိုင်ငံရေးသဘော ဘောင်သွင်းတာမျိုး ရပ်ဆိုင်းဖို့ WHO အကြီးအကဲက တိုက်တွန်းသွားခဲ့ပါတယ်။ 

“ဒီ ကိုဗစ်-၁၉ ရဲ့ မူလဇာစ်မြစ်ကို ဖော်ထုတ်ရှာတွေ့နိုင်ဖို့အတွက် သိပ္ပံနဲ့ ဖြေရှင်းနည်းတွေအပေါ် အခြေပြုပြီး လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဘက်က စိတ်ပိုင်းဖြတ်ထားပါတယ်၊ ပြီးတော့ အဲဒါက အခြေခံ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ အခြေခံကို လုပ်ဖို့ လိုပါတယ်၊ ကျွန်တော်တို့ဟာ ဒီ ကိုရိုနာဗိုင်းရပ်စ် ရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိရဖို့ လုပ်နေတာတွေကို ဟန့်တားသွားမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သိပ္ပံဆိုင်ရာအပေါ် အခြေခံပြီးတော့ ဒီမူလဇာစ်မြစ်ကို သိရဖို့ ကျွန်တော်တို့ အစွမ်းကုန်လုပ်သွားမှာပါ၊ ဒါနဲ့ပတ်သက်လို့ နိုင်ငံရေးသဘော ဘောင်သွင်းတာတွေ မလုပ်ဖို့နဲ့ ဒီလုပ်ငန်းစဉ်မှာ တင်းမာမှုတွေ ဖြစ်အောင် ဖန်တီးတာတွေ မလုပ်ဖို့ လိုပါတယ်” လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသွားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်ဟာ သန်း ၆၀ ကျော်သွားခဲ့ပြီဖြစ်ပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ကတော့ ၁,၄၇၃,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required