အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Thiha Phyo Myint


Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။ အထဲထည့်ထားပြီး ကျယ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ မေးခွန်းတွေအပြင် “ဒီခွက်ကြီး အထဲမှာ ထည့်တာ လိင်စိတ်ဆန္ဒပြင်းပြတဲ့ မိန်းမတွေပဲ ထည့်တာ။ နေလို့ကောင်းလို့ နေမှာပေါ့။” ဆိုတဲ့ နှိမ့်ချပြောတာတွေတောင် ရှိပါသေးတယ်။ ဒါတွေကို အစက ရှင်းရမယ်ဆိုရင်…

  • ၁။ မိန်းမကိုယ် နဲ့ တော်ပါ့မလား။

ခွက်ကလည်း နဂိုက သေးသေးလေးပါ။ ပြီးတော့ ထည့်တဲ့အခါမှာလည်း ခွက်လိုက် ထည့်ရတာ မဟုတ်ဘဲ ခေါက်နည်းမျိုးစုံနဲ့ ခေါက်ပြီး သွင်းရတာဖြစ်ပြီး ခေါက်ထားတဲ့ အရွယ်အစားက Tampon လောက်ပဲ ရှိတာမို့ ဆန့်ကို ဆန့်ပါတယ်။ မိန်းမကိုယ် ကြွက်သားဆိုတဲ့အမျိုးကလည်း ကြုံ့နိုင်၊ ဆန့်နိုင်တဲ့ ကြွက်သားမို့ ကလေးတစ်ယောက်ကိုတောင် မွေးထုတ်လို့ ရသေးတာပဲ ကြည့်လေနော်။ ခွက်ကလေး ပိစိလေးကို မဝင်နိုင်စရာ အကြောင်း မရှိပါဘူး။

  • ၂။ ထည့်တာများရင် ကျယ်သွားမှာလား။

ဒီမေးခွန်းကို မေးကြတာဟာ မိန်းမကိုယ် ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်အကြောင်း မသိလို့ပါ။ မိန်းမကိုယ် ကြွက်သားတွေဟာ အပေါ်မှာ ပြောခဲ့သလို ကြုံ့နိုင်၊ ဆန့်နိုင်အား သိပ်ကောင်းတဲ့ ကြွက်သားတွေပါ။ ခွက်ထည့်တဲ့အချိန် ပွင့်ပေးရမှာမို့ ဖွင့်ပေး၊ ဖြေလျော့ပေးလိုက်တယ်။ ခွက်ပြန်ထုတ်ရင် နဂိုအနေအထား ပြန်ရောက်သွားပါတယ်။ ဒါကြောင့် ကျယ်သွားမှာလားဆိုတာ မလိုအပ်တဲ့ မေးခွန်းပါပဲ။

တစ်ခုရှိတာက ဒီလို ထုတ်တာ၊ ထည့်တာများလို့ ကျယ်သွားမှာကို စိုးရိမ်တယ်၊ မိန်းမကိုယ်ကြွက်သား ကြုံ့ဆန့်နိုင်စွမ်း လျော့သွားမှာကို စိုးရိမ်တယ်ဆိုရင်တော့ မိန်းမကိုယ်ကြွက်သား လေ့ကျင့်ခန်း Kegel Exercise တွေကို လုပ်ပေးနိုင်ပါတယ်။ Kegel Exercise နဲ့ဆိုရင်တော့ အကျဉ်း၊အကျယ် ပြဿနာ ရှင်းပြီးသား ဖြစ်သွားသလို အသက်ကြီးလာလို့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေလည်း အဟုတ်ကို ရှင်းသွားမှာပါ။

  • ၃။ အထဲထည့်ထားရင် ခိုးလိုးခုလု ဖြစ်မနေဘူးလား။ လိင်ဆန္ဒရော ဖြစ်လာလား။

မဖြစ်လာပါဘူး။ ထည့်နေတုန်း ခဏ ဝင်သွားတာနဲ့ အထဲမှာ ခွက်ပွင့်တာကို သိလိုက်ပြီးရင် တစ်နေကုန် (၈-၁၂ နာရီ) အတွင်း ထည့်လို့ ထည့်ထားမှန်းတောင် မသိရတာပါ။ လိင်စိတ်ဆန္ဒ တက်ကြွဖို့ဆိုတာ ဝေးလို့ ရာသီလာနေမှန်းတောင် မသိရလောက်တဲ့ထိ ပေါ့ပါးပါတယ်။ နေရာတကျ ထည့်တတ်ဖို့ပဲ လိုတာပါ။

  • ၄။ ထုတ်မရရင် ဘယ်လိုလုပ်မလဲ။

ထုတ်လို့ ရပါတယ်။ မိန်းမကိုယ် ကြွက်သားကို နည်းနည်းလေး ညှစ်လိုက်တာနဲ့ သူ့ အလိုလို အဝကို ထွက်လာပြီးသားပါပဲ။ ဘယ်မှ ပျောက်သွားစရာ မရှိပါဘူး။ မိန်းမကိုယ် ကြွက်သားကို ဘယ်လို ညှစ်ရမလဲဆိုတာကို အတွေးထဲ မြင်အောင် ပြောပြရမယ်ဆိုရင်တော့ အပေါ့သွားရင်းနဲ့ ကြုံ့ပြီး ရပ်လိုက်သလိုမျိုး၊ အပေါ့မကျန်အောင် အတင်းညှစ်ထုတ်သလိုမျိုး စိတ်သွင်းပြီး ညှစ်လိုက်ရင် သူ့ဟာသူ ထွက်လာတာပါပဲ။

  • ၅။ အနံ့မနံဘူးလား။

ပုံမှန်အားဖြင့် ရာသီသွေးတွေကို အနံ့နံတယ်လို့ စွဲနေတတ်ကြပါတယ်။ တကယ်တော့ ရာသီသွေးမှာ ဒီလောက် အနံ့ရှိတာ မဟုတ်ပါဘူး။ သွေးနံ့ဟာ ပြင်ပ လေ၊ တစ်နည်းအားဖြင့် အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီးမှ ထွက်လာတာပါ။

ဒါကြောင့် Pad သုံးရင် အနံ့ရှိတာပေါ့။ ရာသီခွက်နဲ့ဆိုရင်တော့ သွေးက အပြင်လည်း ထွက်မလာတာကြောင့် အနံ့ထွက်စရာလည်း မရှိပါဘူး။

  • ၆။ ခွက်ကို အသွင်းအထုတ်လုပ်ရင် နာမှာလား။

အခြောက်တိုက်သွင်းရင်တော့ နာမှာပါ။ သုံးနေကျတဲ့သူတွေ ရာသီလာတဲ့အချိန်မှ ထည့်မယ်ဆိုရင်တော့ ရာသီအချွဲတွေက ချောဆီလို ဖြစ်နေတာမို့ မနာပါဘူး။ ဒါကြောင့် ရာသီခွက်တွေကို စသုံးမယ်ဆိုရင် ချောဆီရဲ့ အကူအညီယူပါ။

မဟုတ်တဲ့ သံလွင်ဆီတွေ၊ အုန်းဆီတွေ လျှောက်မသုံးပါနဲ့။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီတွေ ရှိပါတယ်။ အဲဒါလေးတွေ သုံးပါ။ ထုတ်တဲ့အခါမှာလည်း အမြီးလေးထွက်လာတဲ့အခါ လက်မနဲ့ လက်ညှိုးကို မိန်းမကိုယ်ထဲ နည်းနည်း ထည့်ပြီး ခွက်ဖင်ကို ညှစ်၊ ခေါက်ပြီး ထုတ်လိုက်ပါ။ ဒါဆို မနာပါဘူး။

  • ၇။ အပေါ့သွားလို့ရော ရလား။

ရာသီလာတဲ့ နေရာ နဲ့ အပေါ့သွားတဲ့နေရာဟာ တစ်နည်းအားဖြင့် ထွက်လာရာ လမ်းကြောင်းချင်း မတူကြပါဘူး။ ဒါကြောင့် အပေါ့သွားတဲ့အခါ ရာသီခွက်ထဲ ဆီးတွေ ဝင်နေမှာကို စိုးရိမ်စရာမလိုသလို အောင့်ထားရလွန်းလို့ ဆီးအောင့်မှာ/ ဆီးပူမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။

ဒါဆို ဘယ်လို လူမျိုးတွေက Menstrual Cup ကို မသုံးသင့်ဘူးလဲ။
သွေးမမြင်ရဲတဲ့သူတွေ မသုံးပါနဲ့။

ရာသီသွေးဆိုတာက ဒီတိုင်း ရိုးရိုးသွေးလို မဟုတ်ပါဘူး။ သွေးပမာဏ နည်းနည်း နဲ့ သားအိမ်ထဲက တစ်ရှူးတွေ၊ သန္ဓေသားအတွက် ပြင်ဆင်ထားတဲ့ နံရံတွေ၊ အချွဲတွေ ရောပြီး ကွာကျလာတာမို့ ပုံမှန် သွေးအရောင်နဲ့ မတူဘဲ ရင့်နေတတ်ပါတယ်။

ဒါကြောင့် သွေးမြင်ရမှာ ကြောက်တဲ့သူတွေအတွက် ဒီခွက်ကို ထုတ်၊ သွေးတွေကို သွန်ပြီး ရေပြန်ဆေးဖို့က ခက်ခဲတဲ့ အဆင့်တစ်ဆင့်ပါပဲ။

မိန်းမကိုယ်အတွင်းထဲ ဘာမှ ထည့်မရအောင် နာကျင်တတ်တဲ့သူတွေနဲ့ တင်ပါးဆုံကွင်း (Pelvic Floor) ပြဿနာရှိသူတွေ မသုံးသင့်ပါဘူး။ ဆီးလမ်းကြောင်း ပြဿနာရှိသူတွေလည်း မသုံးသင့်ပါဘူးနော်။

မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အဆင်ပြေချောမွေ့နိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required