မြန်မာနှင့် အိန္ဒိယတို့ အကျဉ်းကျပြီးသူ နိုင်ငံသားတွေ အပြန်အလှန် လဲလှယ် 

မြန်မာနှင့် အိန္ဒိယတို့ အကျဉ်းကျပြီးသူ နိုင်ငံသားတွေ အပြန်အလှန် လဲလှယ် 
ဓာတ်ပုံ - မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါဂါမြို့နယ် နယ်စပ်တံတား (ဓာတ်ပုံ - EPA)

နိုဝင်ဘာ ၂၈၊ ၂၀၂၀ 

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် သက်ဆိုင်ရာ နိုင်ငံများတွင် အကျဉ်းကျခံပြီးသူ နိုင်ငံသား ၆၁ ဦးကို မဏိပူရပြည်နယ်၊ မိုးရေး ပူးပေါင်း စစ်ဆေးရေးဂိတ်မှတစ်ဆင့် နိုဝင်ဘာ ၂၆ ရက်က အပြန်အလှန် လဲလှယ်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ 

မြန်မာနိုင်ငံသား ၂၇ ဦးနှင့် စစ်သွေးကြွ နှစ်ဦးအပါအဝင် အိန္ဒိယနိုင်ငံသား ၃၄ ဦးတို့ကို အပြန်အလှန် လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း မိုးရေး စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက အင်ဒို-အေးရှန်း နယူးဆားဗစ်သို့ ပြောထားသည်။ 

အကျဉ်းကျခံရသူ အများစုသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကြောင့် နှစ်နိုင်ငံတွင် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသား ၂၇ ဦးအနက် ၁၉ ဦးမှာ အာသံတောင်ပိုင်းတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး ကျန်ရှစ်ဦးမှာ အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက် နေထိုင်သောကြောင့် မဏိပူရထောင်တွင် ထောင်ဒဏ် ချမှတ်ခံရသူများ ဖြစ်သည်။  

မြန်မာ ၁၉ ဦးသည် အိန္ဒိယသို့ အလည်အပတ် ဗီဇာဖြင့် ဝင်လာပြီးနောက် ဥတ္တရာပရာဒေ့ရှ်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ပြီးနောက် မြန်မာနိုင်ငံပြန်ရန် ကြိုးပမ်းစဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု အာသံရဲအရာရှိတစ်ဦးက ပြောသည်။ 

“မြန်မာ ၁၉ ဦးက ကိုဗစ်ကာလမှာ lockdown ကြောင့် အလုပ်ပြုတ်ပြီး ဗီဇာ သက်တမ်း ကုန်သွားတယ်။ သူတို့က သူတို့နိုင်ငံကို အာသံ-မဏိပူရ လမ်းကြောင်းကနေ ပြန်ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် အာသံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထောင် လေးလ ချလိုက်တာပါ” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ 

အကျဉ်းကျခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားများသည် မြောက်ပိုင်း ပြည်နယ်များမှဖြစ်ပြီး စစ်သွေးကြွ နှစ်ဦးမှာ ထရီပူရနှင့် မဏိပူရပြည်နယ်များရှိ တရားမဝင် အဖွဲ့အစည်းများမှ ဖြစ်ကာ မဏိပူရ ရဲတပ်ဖွဲ့ထံ ဆက်လက် အရေးယူနိုင်ရေး လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်နှင့် မရှေးမနှောင်းတွင် အနောက်ဘင်္ဂေါပြည်နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းမှ ထွက်ပြေးလာသော ဒုက္ခသည် ၁၄ ဦးကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly