ကိုဗစ်ကာလတွင် ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ 

ကိုဗစ်ကာလတွင် ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ 

နိုဝင်ဘာ ၂၆၊ ၂၀၂၀ 

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ဇန်နဝါရီလတွင် ဝင်ငွေ လုံးဝ မရှိသည့် အိမ်ထောင်စု ၁၆ ရာခိုင်နှုန်း ရှိရာမှ ကိုဗစ်ဒုတိယလှိုင်း ပြန်စတင်သည့် စက်တင်ဘာလတွင် ၃၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း ဒေသနှစ်ခုရှိ အိမ်ထောင်စု ၂၀၀၀ ကို အခြေပြု ကောက်ယူသော စစ်တမ်းအရ သိရသည်။  

နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသန အင်စတီကျု (IFPRI) ၏ အစီရင်ခံစာ “မြန်မာနိုင်ငံတွင် COVID-19 ကာလအတွင်း ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် လူမှု အကာအကွယ်ပေးရေး” တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။  

ဒဲရက် ဟက်ဒီ၊ သန်းဇော်ဦး၊ ခရစ္စတီ မာ့တ်၊ ဆင်ရှန် ဒိုင်ယောင်၊ ဆိုဖီ ဂေါဒက်နှင့် အစ္စဘယ် လမ်းဘရက်ချ်တို့ ပူးတွဲရေးသားပြီး နိုဝင်ဘာလတွင် ထွက်ရှိသည့် ယင်းအစီရင်ခံစာတွင် ဝင်ငွေ အခြေပြု ဆင်းရဲနွမ်းပါးမှုများ မြင့်တက်မှု၊ အမျိုးသမီးများအကြား စားနပ်ရိက္ခာ မလုံလောက်မှု မြင့်တက်ခြင်းနှင့် အာဟာရ မလုံလောက်မှု၊ အိမ်ထောင်စု၊ မွေးစမိခင်များ အထောက်အပံ့ ရရှိမှု အခြေအနေတို့နှင့် အကြံပြုချက်များကို ဖော်ပြထားသည်။  

ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်နှင့် ဩဂုတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတွင် တစ်ကြိမ် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အိမ်ထောင်စုများ၏ ဝင်ငွေနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စီးပွားရေး နာလန်ပြန်ထလာမှု၊ ကိုဗစ် ဒုတိယလှိုင်း ဖြစ်လာမှုများကို စစ်တမ်းလုပ်ထားသည်။ 

ရန်ကုန်မြို့ပြ၊ ဆင်ခြေဖုံးနှင့် အပူပိုင်းကျေးလက်ဒေသရှိ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်ရှိသည့် အိမ်ထောင်စု ၂၀၀၀ ကျော်ကို လအလိုက် လေးကြိမ်အထိ  စစ်တမ်းကောက်ယူခဲ့ရာ ဇန်နဝါရီလတွင် ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၁၆ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသက အများစုဖြစ်ကြောင်း သိရသည်။  

ဧပြီလမှ စတင်သည့် lockdown ချမှုများကြောင့် ဇွန်လတွင်လည်း ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၁၆ ရာခိုင်နှုန်း၊ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ၁၁ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းသို့ အသီးသီး ပြန်ကျခဲ့ပြီး စက်တင်ဘာလတွင် ကိုဗစ် ဒုတိယလှိုင်း ကူးစက်မှုနှင့် lockdown ချမှုများကြောင့် ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၃၅ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်ခဲ့ကြောင်း၊ အောက်တိုဘာတွင် ဝင်ငွေလုံးဝ မရှိသည့် အိမ်ထောင်စု ၃၀ ရာခိုင်းအထိသာ ကျဆင်းခဲ့ကြောင်း သိရသည်။  

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လနှင့် အောက်တိုဘာလကြား ဝင်ငွေအခြေပြု ဆင်းရဲနွမ်းပါးမှု မြင့်တက်ချက်သည် သတိပြုဖွယ်ရာ ဖြစ်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။  

ဝင်ငွေ ဆုံးရှုံးခြင်းနှင့် ပတ်သက်၍ ရှင်းပြရာတွင် နမူနာအားဖြင့် အောက်တိုဘာလအတွင်းက ပုံမှန်ဝင်ငွေထက် လျော့နည်းသွားသူ ၈၀ ရာခိုင်နှုန်းအကြား အလုပ်ပြုတ်သူ ၃၄ ရာခိုင်နှုန်း၊ နေ့စဉ်အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းသည်ဟု ပြောသူ ၃၄ ရာခိုင်နှုန်း၊ ခရီးသွားလာမှု ကန့်သတ်ချက်ကြောင့် အလုပ်မသွားနိုင်သူ ၃၀ ရာခိုင်နှုန်း ရှိကြောင်း ဖြေဆိုကြသည်။  

စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုများကမူ ရာသီဥတု မကောင်းသောကြောင့် ဝင်ငွေထိခိုက်မှု ၄၄ ရာခိုင်နှုန်း၊ မိုးလေဝသ မကောင်းသောကြောင့် ထိခိုက်မှု ၂၉ ရာခိုင်နှုန်းနှင့် သီးနှံအထွက် မကောင်းသောကြောင့် ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဖြေဆိုကြသည်။ ၎င်းတို့အနက် ငါးဦးလျှင် တစ်ဦးက ခရီးသွားလာမှု ကန့်သတ်ခြင်း စသည့် ကိုဗစ်ကပ်ရောဂါနှင့် ဆက်စပ်မှုကြောင့်လည်း ပါဝင်သည်ဟု ဖြေကြားကြသည်။ 

ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်လုပ်သား မဟုတ်သူများကမူ အသွားအလာ ကန့်သတ်ခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှု ၄၉ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ဖြေဆိုကြပြီး ကျွမ်းကျင်လုပ်သားများက အလုပ်ပြုတ်မှုနှုန်း ပိုများကြောင်း တွေ့ရသည်။ 

အခြေခံလူတန်းစားများ ဝင်ငွေနည်းလာမှုကြောင့် ငွေချေးငှားခြင်း၊ အကြွေးယူခြင်းများဖြင့် အခက်အခဲကို ဖြေရှင်းနေရပြီး ပိုအဆင်ပြေမှုရှိသည့် အိမ်ထောင်စုများကလည်း စုဆောင်းထားမှုများ လုံးပါးပါးလာခြင်းအပေါ် စိတ်ပျက်နေကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အမျိုးသမီးများအကြား လုံလောက်သည့် အာဟာရ မရရှိမှုနှင့် ပတ်သက်၍ ‘COVID-19 ကျေးလက်နှင့် မြို့ပြတွင် စားနပ်ရိက္ခာ လုံလောက်မှု စစ်တမ်း’ (C19-RUFSS) အရ ဧပြီလနှင့် မေလတွင် lockdown များချပြီးနောက် ဇွန်လတွင် စားနပ်ရိက္ခာလုံလောက်မှု ရန်ကုန်တွင် မြင့်တက်ခဲ့သော်လည်း ဇူလိုင်နှင့် ဩဂုတ်လတွင် ပြန်လည် ကျဆင်းခဲ့သည်။ သို့သော် စက်တင်ဘာလနှင့် အောက်တိုဘာလတွင်မှု ပြန်တက်လာခဲ့သည်။ 

ဥပမာအားဖြင့် ကျန်းမာရေးအတွက် လုံလောက်စွာ မစားရသည့် အမျိုးသမီး ဩဂုတ်လတွင် ၁၈ ရာခိုင်နှုန်းမှ စက်တင်ဘာလတွင် ၂၅ ရာခိုင်နှုန်း၊ အောက်တိုဘာလတွင် ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။ ဩဂုတ်လအတွင်း မွေးဖွားပြီးစ မိခင် ၃ ရာခိုင်နှုန်းက စားစရာမရှိတော့သည့် အချိန်မျိုး ကြုံခဲ့ရသည်ဟု ဖြေကြားသည်။ ယင်းသို့ စားစရာ မရှိသဖြင့် ထမင်းနပ်မမှန် ကြုံရမှုသည် စက်တင်ဘာလတွင် ၆ ရာခိုင်နှုန်း၊ အောက်တိုဘာလတွင် ၈ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ထူးခြားချက်အဖြစ် ကျေးလက်နေ မိခင်များထက် မြို့ပြနေ မိခင်များက အစားအစာ ခြွေတာရမှု အခြေအနေ ပိုဆိုးကြောင်း တွေ့ရသည်။ 

ဇွန်လအတွင်းက ရန်ကုန်တွင် မိခင် ၃၀ ရာခိုင်နှုန်းသည် မွေးစမိခင်များ စားသင့်သည့် သတ်မှတ် အစားအစာ အုပ်စု ၁၀ မျိုးအနက် ငါးမျိုးကိုသာ စားသုံးခဲ့ရကြောင်း သိရသည်။  

ဆင်ခြေဖုံးရပ်ကွက်များတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် မွေးဖွားပြီးစ မိခင်များ အာဟာရ စားသုံးနိုင်မှု ကွဲပြားချက်များလည်း တွေ့ရှိရပြီး ယင်းအချက်က မိခင်နှင့် ကလေးငယ်တို့ အာဟာရ မပြည့်မည့် ကိစ္စကို အထူးစိုးရိမ်စရာ မြင့်တက်နေကြောင်း သတိပေးထားသည်။ 

ကိုဗစ်ကာလ အကူအညီရရှိမှုများနှင့် ပတ်သက်၍ စစ်တမ်းဖြေကြားသည့် ၉၉ ဒသမ ၉ ရာခိုင်နှုန်းက အစိုးရထံမှ စားနပ်ရိက္ခာထက် ငွေသား ထောက်ပံ့မှု လက်ခံရရှိကြောင်း ပြောပြီး တခြား ၁ ဒသမ ၅ ရာခိုင်နှုန်းက ပုဂ္ဂလိက အလှူရှင် အဖွဲ့အစည်းများမှ၊ ၀ ဒသမ ၈ ရာခိုင်နှုန်းက NGO များမှ ရရှိကြောင်း ဖြေကြားကြသည်။ ဖြေဆိုသူ အားလုံးနီးပါက အစိုးရ ထောက်ပံ့သည့် ကျပ် ၂၀၀၀၀ ရရှိသည်ဟု ပြောကြသည်။ 

တွေ့ရှိချက်နှင့် အကြံပြုချက်များ အနေဖြင့် စစ်တမ်းဖြေဆိုသည့် လူဦးရေ ထက်ဝက်က ပြီးခဲ့သည့် စက်တင်ဘာတွင် အစိုးရက ထောက်ပံ့သည့် ငွေကျပ် ၂၀၀၀၀ ရရှိသည်ဟု ပြောကြောင်း၊ အစိုးရ ငွေထောက်ပံ့မှု အမှန်တကယ် ရသင့်သူများ မရသည့်ကိစ္စကလည်း ပြဿနာအဖြစ် ရှိနေဆဲကြောင်း ဖြစ်ကြောင်း ထောက်ပြထားသည်။ 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်က စတင်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်မှစ၍ မွေးဖွားလာသော ကလေး အသက် နှစ်နှစ်ပြည့်သည်အထိ ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ် (MCCT) ကလည်း အနည်းငယ်သာ အလုပ်ဖြစ်ကြောင်း၊ အောက်တိုဘာလ စစ်တမ်းကောက်ယူချိန်အထိ ကိုယ်ဝန်ဆောင်မိခင် ၁၆ ရာခိုင်နှုန်းကသာ ယင်းအစီအစဉ်အရ ထောက်ပံ့မှုကို ရရှိကြောင်းလည်း ဖော်ပြထားသည်။ 

Lockdown ကာလအတွင်း အစိုးရက ကျပ် ၂၀၀၀၀ ထောက်ပံ့ခြင်းသည် အလွန်အမင်း ဆင်းရဲနွမ်းပါးသူများအတွက် သက်ရောက်မှု အသင့်အတင့်သာ ရှိပြီး lockdown ကာလအတွင်း ငွေကြေး ပိုမိုထောက်ပံ့ပေးရန် လိုအပ်ကြောင်း အကြံပြုလိုသည်ဟု စစ်တမ်းက ဖော်ပြသည်။ ယင်းသို့ ပိုမိုထောက်ပံ့ပေးခြင်းက stay at home ကာလတွင် စည်းကမ်းလိုက်နာမှုကို တိုးတက်စေနိုင်ကြောင်းလည်း သတိပေးထားသည်။ 

MCCT အစီအစဉ်ရ ထောက်ပံ့မှု ရနိုင်သူများကို အသိပေးမှု တိုးမြှင့်ရန်နှင့် ငွေထောက်ပံ့မှုကို ပိုမိုလွယ်ကူစွာ ရရှိရေး ဆောင်ရွက်ပေးရန်၊ အခြေခံ အိမ်ထောင်စုများအတွက် ငွေသားထောက်ပံ့မှု လုပ်ငန်းစဉ်ကို ထပ်မံလုပ်ဆောင်ရန်လည်း အကြံပြုထားသည်။ 

Lockdown ကာလအတွင်း တင်းကျပ်သည့်ကန့်သတ်ချက်များဖြင့် လိုအပ်သော အိမ်ထောင်စုများကို ငွေကြေး ပိုပိုသာသာ ထောက်ပံ့ရန်၊ lockdown အလွန်ကာလတွင်လည်း သင့်တင့်သော ကန့်သတ်ချက်ဖြင့် ငွေကြေး ဆက်လက် ထောက်ပံ့ရန်၊ ကိုဗစ်ကပ်ရောဂါနှင့် ဆက်စပ်ပြီး အိမ်ထောင်စုများအတွက် သက်သာချောင်ချိရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ၎င်း၏ မိတ်ဖက် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများက စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းများ လုပ်သင့်ကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required