အမေရိကန်တွင် ဒီဇင်ဘာ ၁၁ ရက် အစောဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမည် 

အမေရိကန်တွင် ဒီဇင်ဘာ ၁၁ ရက် အစောဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမည် 

နိုဝင်ဘာ ၂၆

အမေရိကန်နိုင်ငံသား အချို့အနေဖြင့် ဒီဇင်ဘာ ၁၁ ရက် သို့မဟုတ် ၁၂ ရက် အစောဆုံးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ရရှိနိုင်လိမ့်မည်ဟု အိမ်ဖြူတော်၏ ကာကွယ်ဆေးလုပ်ငန်းစဉ်အဖွဲ့ Operation Warp Speed ၏ သိပ္ပံအကြံပေးအကြီးအကဲ မွန်စေးစလောက်အီက ပြောသည်။ 

အိမ်ဖြူတော်၏ ကာကွယ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းစဉ်အဖွဲ့ အကြီးအကဲအဖြစ် ယခုနှစ်အစောပိုင်းက ခန့်အပ်ခံရသော စလောက်အီက စီအင်န်အင်န်သို့ ပြောရာတွင် သူနှင့် သူ့အဖွဲ့အနေဖြင့် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု ဦးစီးဌာန FDA ၏ ခွင့်ပြုချက် ရရှိပြီးသည်နှင့် ၂၄ နာရီအတွင်း ကာကွယ်ဆေးအား ထိုးနှံပေးရာနေရာများသို့ ပေးပို့နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

Pfizer ကုမ္ပဏီက ၎င်း ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် အာဏာပိုင်များ ခွင့်ပြုချက် လျှောက်ထား ထားသည်ကို FDA အား အကြံပေးရသည့် ပြင်ပပညာရှင်အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ဆွေးနွေးကြရန် ရှိသည်။ အဆိုပါ အဖွဲ့မှ ထွက်ပေါ်လာသော အကြံပြုချက်ကို FDA က မည်မျှ မြန်မြန်ဆန်ဆန် အရေးတယူဖြင့် ခွင့်ပြုချက် ချထားပေးမည်ဆိုခြင်းကို သေချာမသိရသေးပေ။ စမ်းသပ်မှုများအရ Pfizer ၏ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိသည်။ 

“အတည်ပြုချက် ရတာနဲ့ ၂၄ နာရီအတွက် ဆေးထိုးနှံပေးရာ နေရာတွေဆီ ကာကွယ်ဆေးတွေ ပေးပို့နိုင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အတည်ပြုချက်ရပြီး တစ်ရက်အတွင်းဖြစ်ဖြစ်၊ နှစ်ရက်မှာဖြစ်ဖြစ် ဖြန့်ဝေပေးပို့နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”ဟု စလောက်အီက ပြောသည်။ “မျှော်လင့်ရတာကတော့ ဒီဇင်ဘာ ၁၁ ဒါမှမဟုတ် ၁၂ မှာ နိုင်ငံအနှံ့မှာ ပထမအသုတ် ပြည်သူတွေ ကာကွယ်ဆေး ထိုးနှံနိုင်ကြမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။ 

ဒီဇင်ဘာလအတွင်း လူပေါင်း သန်း ၂၀ ကို ကာကွယ်ဆေး ထိုးနှံပေးပြီး နောက်ပိုင်း လတိုင်းတွင် နောက်ထပ် သန်း ၃၀ အသီးသီး ကာကွယ်ဆေး ထိုးနှံပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း စလောက်အီက ယခင်က ပြောထားသည်။ 

လာမည့်နှစ်လယ်၌ ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ကလေးများအား မထိုးနှံပေးခင် အလုပ်တွင်သော စမ်းသပ်မှုများ လုပ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။ 

မေလအစောဆုံးအဖြစ် အမေရိကန်ပြည်သူများ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိမည်ဟုလည်း စလောက်အီက မျှော်မှန်းပြောဆိုသည်။ 

“ပုံမှန်အားဖြင့် ရရှိထားတဲ့ ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတဲ့ ကာကွယ်ဆေးကို လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထိုးနှံပေးလိုက်နိုင်ပြီဆိုရင် ဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်စွမ်း ရှိသွားတာဖြစ်တယ်။ ကျွန်တော်တို့ စီစဉ်ထားတာအရဆို မေလလောက်မှာ  နိုင်ငံတွင်းမှာ ဗိုင်းရပ်စ် ခုခံကာကွယ်နိုင်ပြီး ကင်းဝေးသွားလောက်မယ်။”ဟု စလောက်အီက ပြောသည်။ 

၎င်းက ဆက်လက်ပြောဆိုရာ၌ “ကာကွယ်ဆေးအပေါ် အနုတ်သဘော မြင်နေတာတွေ နည်းပါးလာပြီး လူတွေ လက်ခံမှု တိုးလာဖို့ပဲ ကျွန်တော် အမှန်မျှော်လင့်နေတယ်။ ဒါဟာ တကယ်အရေးကြီးပါလိမ့်မယ်။”ဟု ဆိုသည်။ 

Business Insider မှ ဟီလာရီဘရွတ်က ယခင် သတင်းဖော်ပြရာ၌ အမေရိကန်တွင် အများစုသော ပြည်သူများက ယခုနှစ်အတွင်း ကာကွယ်ဆေးကို ရနိုင်ဦးမည် မဟုတ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ အရေးပါသော ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်ထက် ပြည်သူများကို ဦးစားပေးရမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ 

ကာကွယ်ဆေးအား ဦးဆုံး ရရှိသင့်သူများအတွက် ဗဟိုအစိုးရက အကြံပြုဆွေးနွေးဖွယ် ရှိသော်လည်း ပြည်နယ်အစိုးရများကပဲ ဆုံးဖြတ်ချက် ချဖြစ်လိမ့်မည်ဟု စလောက်အီက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required