'ထာဝရဖြစ်တည်နေမယ့်' မာရာဒိုနာကို ဝမ်းနည်းပူဆွေးနေတဲ့ ဘောလုံးလောကမှ ဘယ်သူတွေ ဘာပြောနေသလဲ

'ထာဝရဖြစ်တည်နေမယ့်' မာရာဒိုနာကို ဝမ်းနည်းပူဆွေးနေတဲ့ ဘောလုံးလောကမှ ဘယ်သူတွေ ဘာပြောနေသလဲ
Photos: EPA

ဘရာဇီးလ်ဂန္တဝင် ပီလီက တစ်နေ့ သူတို့ဟာ "ကောင်းကင်ဘုံမှာ ဘောလုံးအတူ ကစားနိုင်မယ်"လို့ ပြောဆိုရင်း ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားတဲ့ ဒီယေဂို မာရာဒိုနာအတွက် တစ်ကမ္ဘာလုံးက ဂုဏ်ပြုစကားတွေကို ဦးဆောင်ခဲ့ပါတယ်။ 

၁၉၈၆ ခုနှစ်မှာ ကမ္ဘာ့ဖလားအောင်မြင်မှုကို အာဂျင်းတီးနားအတွက် ရယူပေးမှုကြောင့် ကျော်ကြားခဲ့တဲ့ မာရာဒိုနာဟာ ကလပ်အသင်းအဆင့်မှာ သူ့ရဲ့ ဇာတိမြေရှိ ဘိုကာဂျူနီယာအသင်းနဲ့ စီးရီးအေချန်ပီယံ နှစ်ကြိမ်ရယူပေးခဲ့တဲ့ အီတလီက နပိုလီအသင်းတို့မှာ သူ့ရဲ့ ကစားသမားဘဝ ချစ်ခင်မှုအခံရဆုံးဖြစ်ခဲ့ပါတယ်။ 

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေက တစ်ယောက်ဖြစ်တဲ့ မာရာဒိုနာကို ဘယ်သူတွေက ဂုဏ်ပြုစကား ဘာတွေဘာပြောနေလဲဆိုတာ ကြည့်ရအောင်ပါ။ 

"ဝမ်းနည်းစရာကောင်းတဲ့ သတင်းပါပဲ။ ကျနော်ချစ်ရတဲ့ မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး ကမ္ဘာကြီးကတော့ ဂန္တဝင်တစ်ယောက် ဆုံးရှုံးလိုက်ရပါတယ်။ အများကြီး ပြောချင်ပေမယ့် အခုတော့ ဘုရားသခင်က သူ့မိသားစုအပေါ် ခွန်းအားပေးပါစေ။ တစ်နေ့မှာ ကျနော်နဲ့ ခင်ဗျာ ကောင်းကင်ဘုံမှာ ဘောလုံးအတူ ကစားနိုင်ဖို့့ မျှော်လင့်ပါတယ်။" - မာရာဒိုနာနဲ့ အပြိုင် ဘောလုံသမိုင်းမှာ အကောင်းဆုံးကစားသမားလို့ အပြိုင် အသိအမှတ်ပြုခံရတဲ့ ဘရာဇီးလ်ဂန္တဝင် ပီလီ 

"အာဂျင်တိုင်းသားအားလုံးနဲ့ ဘောလုံးလောကအတွက် စိတ်မကောင်းစရာနေ့ပါပဲ။ သူဟာ ကျနော်တို့ကို ထားခဲ့ပေမယ့် အဝေးမှာ ရှိမနေပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ထာဝရဖြစ်တည်နေမှာပါ။ ကျနော်တို့ မျှဝေခံစားခဲ့ရတဲ့ အခိုင်အတန့် ကောင်းအတော်များများနဲ့ ကျနော့်ကို ကျန်ရစ်ထားခဲ့ပြီး သူ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေအားလုံးနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။" - ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာရာဒိုနာလက်အောက် အာဂျင်းတီးနားအတွက် ကစားခဲ့ပြီး နိုင်ငံအဆင့်မှာ သူ့ရဲ့ အောင်မြင်မှုကို လိုက်မီဖို့ ရုန်းနေရတဲ့ ဘလွန်းဒီအော် ခြောက်ကြိမ်ရ မက်ဆီ 

"ကျနော့်မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သလို ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ်လည်း ငြင်းခုန်ခံခဲ့ရသူပါ။ ကောင်းကြီးရခဲ့ပေမယ့် ဘဝမှ ပြဿာနာတွေ ရင်ဆိုင်ခဲ့ရပြီးနောက် နောက်ဆုံးတော့ သူဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ အေးချမ်းတာကို ရှာတွေ့သွားခဲ့ပါပြီ။ #RipDiego" - ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ မာရာဒိုနာရဲ့ အထင်ကရ သွင်းဂိုးနှစ်ဂိုးကြောင့် အာဂျင်းတီနားကို ရှုံးနိမ်ခဲ့ရတဲ့ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်ကာ 

"Naples က အားကစားကွင်းကို San Paolo-Maradona လို့ခေါ်ဖို့ စိတ်ကူးတစ်ခုဖြစ်လာနိုင်တယ်။" - အီတလီတောင်ပိုင်းကလပ်ရဲ့ အအောင်မြင်ဆုံးကာလမှာ သူကစားခဲ့တဲ့ အခန်းကဏ္ဍကို အမှတ်တရအနေနဲ့ မာရာဒိုနာရဲ့ နာမည်နဲ့ မျက်နှာပုံပါ အကျင်္ီနဲ့ အလံတွေကို အလှဆင်ထားဆဲဖြစ်တဲ့နေရာ နပိုလီအသင်းရဲ့ San Paolo ကွင်းကို နာမည်ပြောင်းဖို့ အလားအလာနဲ့ ပတ်သက်လို့ ပြောတဲ့ အသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ် 

"မင်းရဲ့ လူတွေအတွက် ခင်ဗျာ အရာရာပေးဆပ်ခဲ့တယ်။ မင်း ဒီမြေကို ကာကွယ်ခဲ့တယ်။ မင်း ဒါကို ချစ်ခဲ့တယ်။ မင်း ငါတို့ကို ပျော်ရွှင်မှု၊ အပြုံးတွေ၊ ဆုဖလားတွေ၊ ချစ်ခြင်းတွေ ပေးခဲ့တယ်။ ငါ့မိသားစုက မင်းရဲ့ ရဲရင့်မှုတွေအကြောင်း ပြောတဲ့ ပုံပြင်တွေ နားထောင်၊ မင်းရဲ့ ပွဲတွေကို ကြည့်ရင်း ပြန်လည်သုံးသပ်ရင်းနဲ့ ကြီးပြင်းလာတယ်။ မင်းဟာ သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားပါ။ မင်းဟာ ငါတို့ရဲ့ ဒီယေဂိုပါပဲ။" - နပိုလီအသင်းခေါင်းဆောင် လိုရန်ဇို အင်ဆိုင်နီ

"ဒီနေ့မှာ ကျနော်က မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်စကား ပြောပရစေ။ ကမ္ဘာကြီးကတော့ ထာဝရပါရမီရှင်တစ်ယောက်ကို နှုတ်ဆက်စကားဆိုနေကြပါပြီ။ ထာဝရအကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတဲ့ မှော်အစွမ်းရှိသူလည်းဖြစ်တယ်။ သူထွက်ခွာသွားတာ စောလွန်းပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အရည်အသွေးတွေက ဘယ်တော့မှ ကုန်ဆုံးမှာ မဟုတ်သလို ဘယ်သူ့မှလည်း ဝင်ဖြည့်ပေးလို့ရမှာ မဟုတ်ပါဘူး။ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူပါ။ သင့်ကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။" - ဘလွန်းဒီအော်ဆု ငါးကြိမ်ရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို 

"တစ်ခါက အာဂျင်တီးနားမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျနော် ဖတ်ခဲ့တဲ့ နဖူးစည်းစာတန်းရှိတယ်။ ဒါက 'မင်းရဲ့ ဘဝနဲ့ ပတ်သက်ပြီး မင်း ဘာလုပ်ခဲ့လုပ်ခဲ့ အဲဒါက အရေးမကြီးဘူး၊ ငါတို့ ဘဝတွေအတွက် မင်းလုပ်ခဲ့တာတွေက အရေးပါတယ်'လို့ ပြောတယ်။ သမိုင်းတစ်လျှောက်မှာ မယုံနိုင်လောက်တဲ့ ကစားသမားအနည်းငယ်ရှိခဲ့တယ်။ အဲဒီထဲက သူက တစ်ယောက်ပေါ့။ ကျနော်တို့ရဲ့ မျိုးဆက်အတွက် ၈၆ မက္ကဆီကို ကမ္ဘာ့ဖလားဟာ ဒီဘောလုံးအားကစားကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးတဲ့ အရာဖြစ်ခဲ့တယ်။" - မန်ချက်စတာစီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာ 

"ကျနော် အသက် ၅၃ နှစ်ရှိပါပြီ။ ကျနော့်ဘဝတစ်လျှောက်လုံး သူဟာ ကျနော့်ရဲ့ တစ်စိတ်တစ်ပိုင်းလို ခံစားရတယ်။ ကျနော် ငယ်ငယ်တုန်းက ရှစ်နှစ် ဒါမှဟုတ် ကိုးနှစ်၊ ၁၀ နှစ်အရွယ်ကပေါ့ ပထမဆုံးအကြိမ် သူ့ကို တွေ့ခဲ့ပြီး သူက ၁၆၊ ၁ရ အရွယ်ပါ။ ဘယ်ဗီဒီယိုမဆိုမှာ သူ ဘောလုံးတော့နေတာကို မြင်ရတဲ့အချိန်ကစလို့ သူဟာ ကျနော်ရဲ့ ကစားသမားဖြစ်ခဲ့တာပါ။" - လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်

"ဘောလုံးအတွက် ဒီယေဂိုလုပ်ပြခဲ့တာက ကျနော်တို့အားလုံး ဒီလှပတဲ့ ကစားပွဲကို ချစ်မြတ်နိုးလာအောင် လုပ်နိုင်ခဲ့တာဟာ ထူးခြားပါတယ်။ သူဟာ ရိုးရိုးရှင်းရှင်းနဲ့ ကြီးကျယ်ခမ်းနားသူပါ။" - ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို 

"ကျနော်တို့ရဲ့ အတိတ်ကာလ အနည်းငယ်ကုန်သွားပါပြီ .... အံ့သြဖွယ်ရာ ခေတ်တစ်ခေတ်အတွက် ကျနော် လွမ်းဆွတ်နေတယ်။" - ပြင်သစ်ဂန္တဝင်နဲ့ ယူအီးအက်ဖ်အေဥက္ကဋ္ဌဟောင်း ပလာတီနီ 

"မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ မင်းနဲ့အတူ ငါတို့ အမြဲရှိနေမှာပါ။ ကျေးဇူးပါ ဒီယေဂို။" - ယခင် မာရာဒိုနာရဲ့ သမီးဖြစ်သူ ဂျီယန်နာနဲ့ လက်ထက်ခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သူ  မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွဲရိုး 

"ကျနော်တို့ ဘောလုံးလောကဟာ အကြီးကျယ်ဆုံး idol တွေထဲက တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီ။ မိတ်ဆွေကောင်းတစ်ယောက်ကို ကျနော် ဆုံးရှုံးခဲ့တယ်။ ကျနော့် ငယ်ရွယ်တဲ့အချိန်ကစလို့ သူ့ရဲ့ ပါရမီက ကျနော့်ကို လှုံ့ဆော်ပေးခဲ့တယ်။ သူထွက်သွားကို တုန်လှုပ်မိတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အမွေအနှစ်က ထာဝရတည်နေမှာပါ။ ကွင်းတွင်းက ခင်ဗျားရဲ့ မှော်အစွမ်းကို ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါဘူး။" - ဘရာဇီးလ်၊ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို  

"RIP ဂန္တဝင်ကြီးရယ်။ ခင်ဗျားဟာ ဘောလုံးသမိုင်းမှာ ထာဝရရှိနေမှာပါ။ ကမ္ဘာတစ်ခုလုံးကို ခင်ဗျာပေးခဲ့တဲ့ ပျော်ရွှင်မှုအားလုံးအတွက် ကျေးဇူးပါဗျာ။" - ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ 

(AFP) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required