၂၀၆၀ ရာသီဥတု ရည်မှန်းချက်အတွက် တရုတ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသစ်များက အန္တရာယ်ဟု ဆို 

၂၀၆၀ ရာသီဥတု ရည်မှန်းချက်အတွက် တရုတ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသစ်များက အန္တရာယ်ဟု ဆို 

နိုဝင်ဘာ ၂၅

တရုတ်နိုင်ငံအနေဖြင့် ၂၀၆၀ တွင် ကာဗွန်ထုတ်လုပ်မှု ကင်းစင်သော နိုင်ငံဖြစ်လာလိုလျှင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသစ်များ တည်ဆောက်ခြင်းကို ရပ်ပစ်ပြီး လေနှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောသည်။ 

တည်ရှိဆဲ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများနှင့် တည်ဆောက်ဆဲ စက်ရုံသစ်များ၏ ကာဗွန်ထုတ်လုပ်မှုက ယခုနှစ်အစောပိုင်းတွင် သမ္မတ ရှီကျင့်ဖျင် ကတိပေးထားသော အလှမ်းကျယ်လွန်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရေးတွင် တရုတ်အတွက် အခက်အခဲဖြစ်လိမ့်မည်ဟု ဖင်လန်နိုင်ငံအခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းလေ သုတေသနစင်တာမှ အစီရင်ခံစာသစ်တွင် သတိပေးသည်။ 

တရုတ်အစိုးရအနေဖြင့် ၂၀၂၀ မှစတင်သည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံသစ်အားလုံးကို ပိတ်ပစ်ပြီး လာမည့် ဆယ်စုနှစ်အတွင်း လေစွမ်းအင်နှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားကို နှစ်ဆထုတ်လုပ်သင့်သည်ဟု ယင်းစင်တာက တိုက်တွန်းသည်။ 

နိုင်ငံအနေဖြင့် ကျောက်မီးသွေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ဂီဂါဝပ် ၁၃၀၀ နီးပါး တိုးချဲ့ထုတ်လုပ်ရန် လက်ရှိ စီစဉ်ထားခြင်းအစား ၂၀၃၀ မကုန်လွန်ခင် လျှပ်စစ်ဓာတ်အား ဂီဂါဝပ် ၆၈၀ နီးပါးသို့ လျှော့ချနိုင်ရန် ရည်မှန်းချက်ထားသင့်သည်ဟုလည်း ဆိုသည်။ 

ပိုလျှံနေသော စက်ရုံများကို ရပ်ပစ်ရန် သင့်တော်သော မူဝါဒနှင့် စက်ရုံသစ်များ တည်ဆောက်ခြင်း ရပ်နားခြင်း မရှိပါက တရုတ်နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် ယခုနှစ် အဆင့်နှင့် နှိုင်းယှဉ်လျှင် လုံးဝ မကျဆင်းသလောက် ဖြစ်လိမ့်မည်ဟုလည်း သုတေသနပညာရှင်များက ပြောသည်။ 

“လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ကဏ္ဍကနေ ဖြစ်နိုင်သမျှ ကာဗွန်ဒိုင်အောက်ဆိုက် လုံးဝ ထုတ်လွှတ်တဲ့အဆင့်ထိ ဖြစ်ဖို့ လိုအပ်တယ်။”ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ 

“ကျောက်မီးသွေး စက်ရုံတွေကို ကုန်ကျစရိတ် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အမြန်ပဲ တစစ ဖျက်သိမ်းသွားသင့်တယ်။”ဟု ဆိုထားသည်။ 

၂၀၆၀ တွင် ကာဗွန်ကင်းစင်ခြင်းသို့ ရောက်ရှိနိုင်ရေး စီမံချက် တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသည် ၂၀၃၀ ၌ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို အမြင့်ဆုံး ဖော်ဆောင်သွားမည်ဟု ကတိခံထားသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ချက်ချင်းဆိုသလို ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများကို စတင်လျှော့ချသွားရမည်ဟု သုတေသီများက ပြောသည်။ 

“ကျောက်မီးသွေးဓာတ်အား သုံးစွဲမှု သိသိသာသာ ဆက်လက်ကျဆင်းနေသရွေ့ ၂၀၃၀ မှာ ကာဗွန်ထုတ်လုပ်မှုက ရည်မှန်းမှတ်ဆီ ရောက်နိုင်လိမ့်မှာ ဖြစ်တယ်။”ဟု North China Electric Power University မှ ပါမောက္ခဖြစ်သူ ယုအန်ကျိဟိုင်းက အစီရင်ခံစာတွင် ဆိုသည်။ 

ထို ရည်မှန်းမှတ်ကို ရောက်ရှိမည့် လမ်းကြောင်းမှာ ဈေးကွက်တွင် ကျောက်မီးသွေးကို ဈေးတင်ထားခြင်းဖြင့် ကျောက်မီးသွေး ဓာတ်အားသုံးစွဲမှုများကို လျှော့ချရန် မက်လုံးများ ဖန်တီးပေးသင့်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။ 

ထိုပြင် လုပ်ငန်းစဉ်၌ ပြတ်သားကြည်လင်ပြီး ပွင့်လင်းမြင်သာမှုရှိရန် တရုတ်အစိုးရ၊ ပညာရှင်အဖွဲ့များနှင့် အခြားသော NGOs များကြား ပူးပေါင်းဆောင်ရွက်ကြရန်လည်း အစီရင်စာက တိုက်တွန်းသည်။ 

ကုလသမဂ္ဂတွင် စက်တင်ဘာလမိန့်ခွန်း၌ သမ္မတ ရှီကျင့်ဖျင်က တရုတ်၏ ကာဗွန်လျှော့ချရေး ကြေညာချက်ခဲ့ရာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဆင်းရဲသည့် နိုင်ငံအဖြစ်မှ မဟာစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းစေခဲ့သည့် ကျောက်မီးသွေးအပေါ် အလွန်မှီခိုထားခဲ့ရသည့် နိုင်ငံဖြစ်ခြင်းကြောင့် အံ့အားသင့်စရာ ကြေညာချက် ဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly