တရုတ်က ဟောင်ကောင်အမတ်တွေကို ရာထူးကဖယ်ရှားခြင်းဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း Five Eyes မဟာမိတ်အဖွဲ့ ဝေဖန် 

တရုတ်က ဟောင်ကောင်အမတ်တွေကို ရာထူးကဖယ်ရှားခြင်းဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း Five Eyes မဟာမိတ်အဖွဲ့ ဝေဖန် 
Photo - AFP

နိုဝင်ဘာ ၂၀ 

ဒီနှစ်အစောပိုင်းက ဟောင်ကောင်လွှတ်တော်မှာ တရုတ်တို့ရဲ့ နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုလုပ်ပါက ပြစ်မှုမြောက်တဲ့ ဥပဒေအပေါ်ဆွေးနွေးနေစဉ်  လွှတ်တော်အတွင်းမှာ အနံ့ဆိုးတွေနဲ့ ဖျန်းပက်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့ ဟောင်ကောင်ဥပဒေပြုအမတ်ဟောင်း သုံးဦးဟာ နိုဝင်ဘာ ၁၉ ရက်က တရားရုံးကို ရောက်ရှိလာခဲ့ကြပါတယ်။  

မကြာသေးခင်က ဟောင်ကောင်အမတ်လေးဦးကို တရုတ်က ရာထူးကဖယ်ရှားပြီးတဲ့နောက် အတိုက်အခံအမတ်တွေကို ရဲတွေက တရားစွဲဆိုမှုတွေ စတင်လုပ်လာစဉ်မှာ အမတ်ဟောင်းသုံးဦး တရားရုံးကို ရောက်ရှိလာတာဖြစ်ပါတယ်။ 

ဒီမိုကရေစီလိုလားသူ ဥပဒေပြုအမတ်ဟောင်း ချူးဟွိုင်ဒစ်က “နိုင်ငံတော်သီချင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ဟန့်တားတဲ့လုပ်ရပ်ကြောင့် အာဏာရှင်တွေရဲ့ တရားစွဲဆိုတာကိုရင်ဆိုင်ဖို့ ဟောင်ကောင်ပြည်သူတွေရဲ့ နိုင်ငံရေးကိုယ်စားလှယ်ဖြစ်လာရတာကို ကျွန်တော်ဂုဏ်ယူပါတယ်။ ဟောင်ကောင်ပြည်သူတွေအတွက် တိုက်ပွဲဝင်ဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကိုလည်း ကျေးဇူးတင်ပါတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တာ ကျွန်တော်တို့တင်မဟုတ်ပါဘူး။ အာဏာရှင်တွေကို ကြေအေးပေးတာဟာ အလုပ်မဖြစ်ဘူးဆိုတာ သမိုင်းကြောင်းတွေက ကျွန်တော်တို့ကို ပြသနေပါတယ်” လို့ဆိုပါတယ်။  

ဟောင်ကောင်အမတ်တွေကို ရာထူးကဖယ်ရှားတာဟာ တရားဝင်ချုပ်ဆိုထားတဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့ပါဝင်တဲ့ Five Eyes မဟာမိတ်အဖွဲ့က တရုတ်ကို စွပ်စွဲပြောဆိုခဲ့ပါတယ်။  
Five Eyes အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တရုတ်ဟာ ၁၉၉၇ မှာ ဗြိတိန်ဆီကနေ ဟောင်ကောင်ကို လွှဲပြောင်းယူပြီးတဲ့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်ထိန်းသိမ်းထားပေးမယ်ဆိုတဲ့ ၁၉၈၄ ခုနှစ် ဟောင်ကောင်လက်လွှဲပေးအပ်ခြင်းနဲ့ဆိုင်တဲ့ ကုလသမဂ္ဂအသိအမှတ်ပြု တရုတ်-ဗြိတိန်ပူးတွဲကြေညာချက်ကို ဖောက်ဖျက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။  

လွှတ်တော်က အမတ်လေးဦးကို ဖယ်ရှားပြီးနောက်မှာလည်း ကျန်ရှိနေတဲ့ ဒီမိုကရေစီထောက်ခံတဲ့ အမတ်တွေအားလုံး အစုလိုက်အပြုံလိုက် နုတ်ထွက်မှုဖြစ်စေခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ပြည်သူ့အသံတွေအားလုံးကို နှုတ်ဆိတ်သွားစေတဲ့ လှုပ်ရှားမှုဖြစ်စေခဲ့တယ်လို့  အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ပါတယ်။  

ဟောင်ကောင်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့သာယာဝပြောမှုအတွက် သူတို့ရဲ့  စိုးရိမ်ပူပန်မှုနဲ့ ထင်မြင်ချက်တွေကို ဖော်ပြနိုင်မယ့် ဦးတည်ရာလမ်းကြောင်းတွေကို  တရုတ်နဲ့ဟောင်ကောင်အာဏာပိုင်တွေအနေနဲ့ လေးစားသင့်တဲ့အကြောင်း Five Eyes မဟာမိတ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။ 

အဆိုပါပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံတကာဥပဒေကို ဗြောင်ကျကျချိုးဖောက်ခြင်းသာဖြစ်ပြီး တရုတ်အပေါ်ဖိအားပေးတဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ အောင်မြင်မှာမဟုတ်တဲ့ကြောင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားတွေကို ပျက်စီးအောင် ထိပါးလာမယ်ဆိုရင် မျက်လုံး ငါးလုံးမကလို့ ဆယ်လုံးဖြစ်နေပါစေ မျက်ကန်းပမာဖြစ်နေတာကို သတိမူသင့်ကြောင်း တန်ပြန်ပြောဆိုလိုက်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly