အီဂျစ်ရှိ စီဝါ ခံတပ် အသစ်ပြုပြင်မှုက ဂေဟအခြေခံ ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်တွေ တိုးပွားစေ 

အီဂျစ်ရှိ စီဝါ ခံတပ် အသစ်ပြုပြင်မှုက ဂေဟအခြေခံ ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်တွေ တိုးပွားစေ 
Photo - AFP

နိုဝင်ဘာ ၁၅ 

အီဂျစ်နိုင်ငံ အနောက်ပိုင်း သဲကန္တာရထဲမှာ လျှိုဝှက်ထားခဲ့တဲ့ ရှားလီ ခံတပ်ကြီးကတော့ တစ်ချိန်တုန်းက ယင်းမှာ နေထိုင်သူတွေကို ခြေဦးတည့်ရာ လှည့်လည်သွားလာကြတဲ့ ကန္တာရ လူမျိုးစုတွေရဲ့ ကျူးကျော်ဝင်ရောက်မှုဘေးကနေ ကာကွယ်ပေးထားခဲ့ပါတယ်။  

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယင်းခံတပ်ကို အသစ်ပြုပြင်တည်ဆောက်မှုက ဂေဟ အခြေခံ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပြီဖြစ်ပါတယ်။ 

“ဒါက လမ်းတွေနဲ့ အတွင်းပိုင်းမှာ မြို့တစ်မြို့ ရှိတဲ့ နှစ်သက်တမ်း ၈၀၀ ရှိတဲ့ ခံတပ်ကြီးတစ်ခုပါ၊ ကျွန်တော်တို့ဟာ ဒီပရောဂျက်ကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က EQI (နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် အရည်အသွေး) ကုမ္ပဏီ နဲ့အတူ စလုပ်ခဲ့တာပါ၊ အဲဒါက အီးယူက အဓိက ငွေကြေးထောက်ပံ့ပေးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုပါ၊ ဒီ အဆင့်မှာတော့ ယူရို ခြောက်သိန်းလောက် ကုန်ကျပါတယ်” လို့ ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းပစ္စည်းဆိုင်ရာ ဝန်ကြီး ခါလက်ဒ် အယ်လ် အေနာနီက ပြောပါတယ်။ 

“ကျွန်တော်တို့ဟာ ကာချစ်ဖ် လို့ ခေါ်တဲ့ ရှေးဟောင်း နည်းစနစ်တွေနဲ့အတူ လမ်းတွေ၊ အိမ်တွေ၊ ခြံဝင်း နံရံတွေအားလုံးနဲ့ ခံတပ်ကို ပြင်ဆင်မွမ်းမံမှု လုပ်ငန်း အပြီးသတ်နိုင်တာနဲ့ပတ်သက်လို့ ဒီနေ့မှာပဲ အောင်ပွဲခံနိုင်ခဲ့ပါပြီ” လို့ ၎င်းက ပြောပါတယ်။ 

“ခံတပ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပစ္စည်းကတော့ ရွှံ့စေးနဲ့ ဆား အရောအနှောတစ်ခုပေါ့၊ ခံတပ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ဒီ သဘာဝ ပစ္စည်းကို တစ်ဖန် ပြန်အသုံးပြုခြင်းအားဖြင့် ကျွန်မတို့ဟာ စီဝါ ပြည်သူတွေရဲ့ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကို သင်္ကေတပြုတာ ဖြစ်ပါတယ်၊ ဒါက ကျွန်မတို့ရဲ့ အဓိက စိတ်ကူးပေါ့” လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ယက်စ်မိုင်း ဖိုအက်ဒ် က ပြောပါတယ်။ 

“ကျွန်တော်တို့ ဒီနေရာကို အရင်ဆုံး သန့်ရှင်းရေး လုပ်တယ်၊ ပြီးတော့ ကာချစ်ဖ် အရောအနှော ကို လုပ်တယ်၊ ကျွန်တော်တို့ ကြမ်းပြင်တွေကို သန့်ရှင်းတယ်၊ အခန်းတွေနဲ့ လမ်းတွေကို ပြုပြင်ထိန်းသိမ်းခဲ့တယ်၊ ခင်ဗျားတို့လည်း တွေ့နိုင်တာပဲလေ၊ အခန်းတွေက အတော်ကျဉ်းပါတယ်၊ အတိတ်တုန်းက ဒီလို အခန်းတွေထဲမှာ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လိုများ နေထိုင်ခဲ့ကြပါလိမ့် ဆိုပြီး ခင်ဗျားတို့ အံ့သြတကြီး ဖြစ်နေပါလိမ့်မယ်” လို့ ပြုပြင်ထိန်းသိမ်းရေး လုပ်သားတစ်ဦးဖြစ်တဲ့ အာမက်ဒ် အဗ္ဗဒူလာက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required