ရန်ကုန်မြို့တော် စည်ပင်က ကွမ်းတံတွေး ထွေးသည့် အိပ်များ ရောင်းချ

ရန်ကုန်မြို့တော် စည်ပင်က ကွမ်းတံတွေး ထွေးသည့် အိပ်များ ရောင်းချ

စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစဉ်တစ်ခုအနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိပ်များကို ရောင်းချပေးလျှက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

လက်ရှိ ရန်ကုန်မြို့ အခြေနေမှာ တိုက်နံရံနှင့် လမ်းမများတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးများ တွေ့မြင်နေသည့်အတွက် မြို့တော် သာယာသန့်ရှင်းစေရန် ရည်ရွယ်ပြီး ပညာပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကွမ်းယာဆိုင်များကို တစ်အိပ်လျှင် ၁၂ ကျပ်နူန်းဖြင့် အိပ်ပေါင်း ကိုးသောင်းခွဲခန့်ကို ဖြန်ချိထားပြီး ကွမ်းတံထွေးအိပ်ပေါင်း တစ်သိန်းခွဲခန့် ထုတ်လုပ် ဖြန့်ဝေသွားရန် စီစဉ်ထားသည်ဟု သိရသည်။

"မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာကို အရေးယူလို့ ရပေမယ့် လောလောဆယ်မှာတော့ အရေးယူဖို့ အစီစဉ် မရှိသေးပါဘူး။ ပညာပေးအနေနဲ့ပဲ လုပ်တာ ပါ" ဟု ဒေါက်တာ အောင်မြင့်မော်မှ ပြောသည်။

အသက် ၄၅ အရွယ် ပုဇွန်တောင်ဈေးတွင် ကွမ်းရောင်းသူ တစ်ဦးဖြစ်သည့် ဦးမောင်ချိုက "ကွမ်းရောင်းလာတာတော့ကြာပြီ ကွမ်းတံတွေးထွေးတဲ့ အိပ်ဆိုပြီး စည်ပင်က လာရောင်းပေးတာ တော့ လောလောဆယ် မရှိသေးပါဘူး" ဟု ပြောသည်။

ကွမ်းတံတွေးအိပ်များကို ရန်ကုန်မြို့နယ်အနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေလျက်ရှိ ပြီး ဘတ်စ်ကားဂိတ်များတွင် ထားရှိသည့် ကွမ်းတံထွေးပုံးများသို့ စွန့်ပစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါသည်။

ယင်းပညာပေး အစီစဉ်အား ယခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင် လုပ်ဆောင်နေခြင်း ဖြစ်သော် လည်း ကွမ်းယာဆိုင် တော်တော်များများနှင့် လူထုအကြား ပြန့်နှံခြင်း မရှိကြောင်း တွေ့ရသည်။
ယင်းအစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း ဒေါက်တာ အောင်မြင့်မော်က မဇ္ဈိမသို့ ထပ်လောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required