တစ်နာရီ မိုင် ၆၂၀ နှုန်း သွားတဲ့ Hyperloop ယာဉ်ကို ပထမဆုံး လူတင်ဆောင်ပြီး စမ်းသပ်မောင်းနှင်

တစ်နာရီ မိုင် ၆၂၀ နှုန်း သွားတဲ့ Hyperloop ယာဉ်ကို ပထမဆုံး လူတင်ဆောင်ပြီး စမ်းသပ်မောင်းနှင်
Photo - AFP

နိုဝင်ဘာ ၁၀ ၊ ၂၀၂၀

အမေရိကန် Virgin ကုမ္ပဏီဟာ ၎င်း တီထွင်ထုတ်လုပ်ထားတဲ့ Hyperloop ယာဉ်ကို နီဗားဒါးသဲကန္တရ အလယ်မှာ ပထမဆုံး ခရီးသည်နှစ်ဦးကို တင်ဆောင်ပြီး စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။

ပြွန်ခေါင်းသွားယာဉ်လို့ ဆိုရမယ့် Hyperloop ယာဉ်ဟာ တည်ဆောက်ထားတဲ့ ပြွန်ခေါင်းအတွင်း တစ်နာရီ မိုင် ၆၂၀ (ကီလိုမီတာ ၁၀၀၀) နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ လျှပ်စစ်ဓာတ်အားသုံး ဆေးတောင့်ပုံ ယာဉ်ပဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အဲဒီ ယာဉ်ကို လူတင်ပြီး ပထမဆုံး မောင်းနှင်စမ်းသပ်မှုဟာ ပြွန်ခေါင်းသွားယာဉ်တွေရဲ့ နည်းပညာရဲ့ ရှေ့ခြေတစ်လှမ်း တိုးလိုက်ခြင်းပဲ ဖြစ်တယ်လို့ Virgin ကုမ္ပဏီက ပြောပါတယ်။

အခု Hyperloop ယာဉ်တွေကို ခရီးသည်တွေ ပို့ဆောင်နိုင်ရေးအတွက် ရည်ရွယ်တီထွင်နေတာဖြစ်ပြီး အလျင်နှုန်း ခရီးသွားလာမှုကို ခေတ်တစ်ပြောင်းစေမှာအဖြစ် ထောက်ခံသူတွေက အားပေးကြပါတယ်။

Hyperloop ယာဉ်ရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီ ၆၇၁ မိုင်(၁၀၈၀ ကီလိုမီတာ)နှုန်း ရှိပြီး လော့စ်အိန်ဂျလိစ်ကနေ ဆန်ဖရန်စစ္စကိုဆီ ၄၅ မိနစ်နဲ့ သွားလာနိုင်မှာဖြစ်သလို ကာဗွန်ထုတ်လုပ်မှုမရှိကြောင်း ကုမ္ပဏီက ပြောပါတယ်။

အမေရိကန် နည်းပညာရှေ့ဆောင်ကြီး အီလွန်မတ် ၂၀၁၂ ခုနှစ်က ပထမဆုံး အဆိုပြုခဲ့တဲ့ နည်းပညာကို တနင်္ဂနွေအထိ လူတင်ပြီး ယာဉ်ကို မောင်းနှင်စမ်းသပ်တာ မရှိခဲ့တာပါ။

အခုတော့မှ ကန္တရတွင်းက စမ်းသပ်နေရာမှာ ကုမ္ပဏီဝနမ်ထမ်းနှစ်ဦးကို Hyperloop ယာဉ်ပေါ် တင်ဆောင်ပြီး ၁၅ စက္ကန့်လောက်လေး မောင်းနှင်ခဲ့ရာမှာ မီတာ ၅၀၀ အကွာအဝေးအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာပါ အလွန် ရင်ဖိုပျော်ရွှင်စရာကောင်းတာပါပဲလို့ ခရီးသည်တစ်ဦးဖြစ်တဲ့ ဆာရာက ဘီဘီစီကို ပြောပါတယ်။ 

အခု Hyperloop ကို ပုံမှန် အသုံးချလာတဲ့အခါမှာ ဆေးတောင့်ပုံယာဉ်အတွင်း တစ်ကြိမ်ကို လူ ၂၈ ယောက်အထိ တင်ဆောင်မောင်းနှင်ဖို့ ရှိတယ်လို့ Virgin ကုမ္ပဏီက ပြောပါတယ်။

Hyperloop ယာဉ်စီမံကိန်းအတွက် ကုမ္ပဏီက စီအီးအို ရစ်ချက်ဘရိုင်ဆန်နဲ့ ဒူဘိုင်းအစိုးရပိုင် ထောက်ပံ့ရေးကုမ္ပဏီ DP World တို့က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် မတည်ခဲ့ရတာ ဖြစ်ပါတယ်။

စမ်းသပ်စီးနင်းခဲ့သူ ဆာရာက ယာဉ်ကို စီးနင်းရတာ မသက်မသာ ဖြစ်တာမျိုး မရှိဘူးလို့ ပြောပေမယ့် ဆွီဒင်က Royal Institute of Technology က သုတေသနပညာရှင်တစ်ဦးကတော့ ခုလို အလျင်မျိုးနဲ့ဆိုရင် အော့အန်တာတွေ ဖြစ်လိမ့်မယ်လို့ သတိပေးပြောဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required