ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို
ဓာတ်ပုံ- ကိုဖိုးသား

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်လက ဖြစ်ပွားခဲ့သောရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရာ လက်ရှိတွင် ကလေးမြို့၌ အိမ် ၅၀ရာခိုင်နှုန်းခန့် ပြန်ဆောက်ပေးပြီးပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဦးစီး ဦးစဝီလီဖရန့်က မဇ္ဈိမကို ပြောသည်။

"ကလေးမှာ အိမ်အသစ်ဆောက်ပေးရမယ့် ၃၅၅ လုံးမှာ ၅၀ရာခိုင်နှုန်းလောက်ပြီးပါပြီ။ တမူးမှာကတော့ ၃၈၅လုံးမှာ ၄၀ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ တစိတ်တပိုင်းပျက်စီးသွားတဲ့အိမ်တွေကိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ပျက်စီးတဲ့အတိုင်းအတာအလိုက် ပေးဖို့လုပ်နေပါတယ်" ဟု တိုင်းဦးစီးဖြစ်သူ ဦးစဝီလီဖရန့်က ပြောသည်။

စစ်ကိုင်းရေဘေးနှင့် ပတ်သက်၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အစိုးရ နှင့် ဒေသခံအလှူရှင်များပူးပေါင်း၍ စားရေးရိက္ခာများ ထောက်ပံ့ပေးနေသည်မှာ ၃လခန့်ရှိပြီး စုစုပေါင်း ၆ လအထိ ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ယင်းထောက်ပံ့မှုတွင် ပျက်စီးသွားသော လယ်မြေများအား စက်ယန္တရားကြီးများဖြင့် အခမဲ့ထွန်ယက်ပေးခြင်း၊ မျိုးစပါးများထုတ်ဝေပေးခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရွေ့ပြောင်းနေထိုင်မည့် ရွာ(၁၂)ရွာအတွက် ရွေ့ပြောင်းစရိတ်များကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ရေကြီးမှုများနှင့် လွတ်ကင်းစေရေး ရွေ့ပြောင်းနေထိုင်သော ရွာများမှာ ကလေးမြို့နယ်တွင် (၁၂)ရွာ၊ တမူးမြို့နယ်တွင် (၄)ရွာရှိနေပြီး ပညာသင်ကြားရေးအတွက် ပြောင်းရွေ့မည့် နေရာအနီးတဝိုက်တွင် ယာယီစာသင်ဆောင်များ ဆောက်ကာ သင်ကြားလျက်ရှိကြောင်း သိရသည်။        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required