ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
(ဓာတ်ပုံ - မဇ္ဈိမ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။ ။ ယခုလဆန်း ရွေးကောက်ပွဲရလဒ်များအရ အစိုးရတစ်ရပ်ဖွဲ့စည်းခွင့်ရရှိသွားပြီဖြစ်သည့် အင်အားကြီး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ နိုဝင်ဘာ ၁၇ရက် မွန်းလွှဲပိုင်းက တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သည်။

အမျိုးသားလွှတ်တော်အဆောက်အဦအတွင်းရှိ ဦးခင်အောင်မြင့်၏ ရုံးခန်းတွင် တွေ့ဆုံကြခြင်းဖြစ်ပြီး တွေ့ဆုံရသည့် အကြောင်းရင်းကို ပြောကြားရန် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုကို ငြင်းဆန်ခဲ့သည်။
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း သာမန် သာကြောင်း၊ မာကြောင်း တွေ့ဆုံပြောဆိုခြင်းဖြစ်ပြီး လာမည့် လွှတ်တော်အခင်းအကျင်းအတွက် ဆွေးနွေးမှုလည်းမရှိဟု သတင်းထောက်များကို ပြောသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ ဦးခင်အောင်မြင့်သည် မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၈)ဖြစ်သော ရမည်းသင်း၊ ရွှေဓါး၊ ပျော်ဘွယ်မြို့နယ်များတွင် အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူ ဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ဦးခင်အောင်မြင့်နှင့်တွေ့ဆုံသည့်နည်းတူ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသည့် ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းနှင့်လည်း လာမည့် နှစ်ရက်အတွင်း နိုဝင်ဘာ ၁၉ရက်တွင် တွေ့ဆုံရန် ရှိနေသည်။
 
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲလုပ်ငန်းများအပြီးတွင် သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း သီးခြားစီ တွေ့ဆုံဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly