အာဆီယံဖူဆယ်ကလပ် အဖွင့်ပွဲတွင် ဗီယက်နမ် ကလပ်အသင်းနှင့် MIC အသင်း ပွဲဦးထွက်တွေ့ဆုံ

အာဆီယံဖူဆယ်ကလပ် အဖွင့်ပွဲတွင် ဗီယက်နမ် ကလပ်အသင်းနှင့် MIC အသင်း ပွဲဦးထွက်တွေ့ဆုံ
2015 AYE Bank Futsal Open Cup ချန်ပီယံ MIC အသင်း။  (ဓာတ်ပုံ - သောကြာ)

နိုဝင်ဘာ ၁၇၊ ရန်ကုန်။             ။ ၂၀၁၅ ခုနှစ် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဝင်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု MIC ဖူဆယ်အသင်း သည် အုပ်စု(က)ပွဲဦးထွက်အဖြစ် ဗီယက်နမ်ကလပ်အသင်း Sanna Khanh အသင်းနှင့် ကစားရမည်ဖြစ်သည်။

MIC ဖူဆယ်ဘောလုံးအသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့်အသင်းဖြစ် သောကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြုကလပ်အသင်းအဖြစ် ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် ကစားသမားသမားအများစုဖြင့် ဖွဲ့စည်းထားသော MIC ဖူဆယ်ဘောလုံး အသင်းသည် ၂၀၁၅ AYE Bank Futsal Open ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဖလားရရှိခဲ့သည်။

၂၀၁၅ ခုနှစ် အာဆီယံဖူဆယ် ကလပ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် မြန်မာကလပ် MIC အသင်းသည် မလေးရှားကလပ် ဖယ်ဒါယူနိုက်တက်၊ ထိုင်းကလပ် ထိုင်းပေါ့စ်၊ သြစတြေးလျကလပ် East Coast Heat ၊ ဗီယက်နမ်ကလပ် Sanna Khanh အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

MIC အသင်းသည် လာမည့် နိုဝင် ဘာ ၂၃ ရက်တွင် ဗီယက်နမ်ကလပ် Sanna Khanh အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ထိုင်းကလပ် ထိုင်းပေါ့စ်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှားကလပ် ဖယ်ဒါယူနိုက်တက်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် သြစတြေးလျကလပ် East Coast Heat အသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

အဆိုပါ ၂၀၁၅ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ သည် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံ ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲပုံစံမျိုး ကျင်းပခြင်းဖြစ်ပြီး အမျိုးသားဖူဆယ်ဘောလုံးပွဲစဉ်နှင့် အမျိုးသမီး ဖူဆယ် ဘောလုံးပွဲစဉ် နှစ်မျိုးစလုံး ထည့်သွင်းထားသည်။

အာဆီယံဖူဆယ်ကလပ် အမျိုးသမီးပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ် အမျိုးသမီးဘောလုံးအသင်းက ACE ကလပ်အသင်း နာမည်ဖြင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required