လက်ရွေးစင်ဟောင်းအောင်သိုက်နှင့်အောင်ဟိန်းကျော် တို့ ဇေယျာရွှေမြေနှင့် လမ်းခွဲ

လက်ရွေးစင်ဟောင်းအောင်သိုက်နှင့်အောင်ဟိန်းကျော် တို့ ဇေယျာရွှေမြေနှင့် လမ်းခွဲ
ဇေယျာရွှေမြေနှင့်လမ်းခွဲခဲ့သော နောက်ခံလူ အောင်သိုက်။ (ဓာတ်ပုံ- ဇေယျာရွှေမြေ)

နိုဝင်ဘာ ၁၇၊ ရန်ကုန်။              ။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများဖြစ်သည့် အောင်သိုက်နှင့် အောင်ဟိန်းကျော် တို့ကိုခြေစွမ်းပိုင်းနှင့် စည်းကမ်းပိုင်း လိုအပ်ချက်တချို့ကြောင့် ၂၀၁၆ ဘောလုံးရာသီအတွက် စာချုပ်သစ် ချုပ်ဆိုခြင်းမရှိတော့ပဲ အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည် ဟု ဇေယျာရွှေမြေအသင်းဝက်ဆိုဘ်တွင် တရားဝင်ကြေငြာခဲ့သည်။

ဇေယျာရွှေမြေအသင်းသည် လာမည့် ဘောလုံးရာသီအတွက် အောင်သိုက်နှင့် အောင်ဟိန်းကျော်တို့အပြင် ထွန်းလင်းစိုး၊ တင်မောင်ဝေ၊ ကောင်းမြတ်ဦး၊ မင်းချစ်သူ စသည့် ကစားသမားများကိုပါ ထွက်ခွာခွင့်ပြုခဲ့သည်။

“ အောင်သိုက်၊ အောင်ဟိန်းကျော်တို့ အပါအဝင် အငှားခေါ်ထားတဲ့ ကစားသမားတွေရော အားလုံးပေါင်း ကိုးယောက်အသင်းက ထွက်ခွာခွင့်ပြုထားပါတယ်။ ခြေစွမ်းပိုင်း၊ စည်းကမ်းပိုင်း လိုအပ်ချက်တွေကြောင့် အသင်းအနေနဲ့ ဆုံးဖြတ်လိုက်ရတာပါ။ သူတို့နေရာအတွက်လည်း ပြန်ဖြည့်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ့ ပြည်မိုး တို့ သုံးယောက်တော့ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ရာသီက နိုင်ငံခြားသားကစားသမား သုံးဦးကိုလည်း စာချုပ်ထပ်ချုပ်ဖို့ စီစဉ်ထားပါတယ်။ လိုတဲ့ နိုင်ငံခြားသားတစ်ယောက်နေရာကိုတော့ အေးဂျင့်နဲ့ ချိတ်ပြီး ထပ်ခေါ်သွားမှာပါ။ သေချာရင် သတင်းထုတ်ပြန်ပေးပါ့မယ် ” ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ဦးကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် အသင်းရလဒ်များဆိုးဝါးခဲ့သည့်အတွက် နည်းစနစ်ဒါရိုက်တာ စတီဗင်ဟန်ဆန်နှင့် လမ်းခွဲခဲ့ပြီး  ဥရောပနည်းပြအသစ် ခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိသည်။

ဇေယျာရွှေမြေအသင်းသည် လာမည့်ရာသီအကြိုပြင်ဆင်မှုအနေဖြင့် ရခိုင်ယူနိုက်တက်အသင်းမှ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား ပြည်မိုး အပါအဝင် ပြည့်ဖြိုးကိုကိုနှင့် ဝေဖြိုးလွင် တို့ကို ခေါ်ယူစာချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required