အိပ်မက်ကို ချနင်းမည့် မဲတစ်ပြား မဖြစ်အောင် ဆုံးဖြတ်ချက် မမှားဖို့ MMA ကစားသမား ဘိုဇီနာ အန်တိုနီယာ တိုက်တွန်း

အိပ်မက်ကို ချနင်းမည့် မဲတစ်ပြား မဖြစ်အောင် ဆုံးဖြတ်ချက် မမှားဖို့ MMA ကစားသမား ဘိုဇီနာ အန်တိုနီယာ တိုက်တွန်း

နိုဝင်ဘာလ ၆၊ ၂၀၂၀

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မိမိတို့ထည့်မည့် မဲတစ်ပြားက အိပ်မက် အနာဂတ်ဆီကို ဖော်ဆောင်ပေးနိုင်မည်လား၊ သို့မဟုတ် အိပ်မက်ကို ချနင်းမည့် မဲတစ်ပြား ဖြစ်နေမည်လား ဆိုသည်ကို ဆုံးဖြတ်ချက် မမှားရန် လိုကြောင်း ကယန်းတိုင်းရင်းသူ ဘက်စုံ ကိုယ်ခံပညာသုံး (MMA) အမျိုးသမီး ကစားသမား ဘိုဇီနာ အန်တိုနီယာက တိုက်တွန်းသည်။

“ဘာကြောင့်လဲ၊ ကျွန်တော်တို့ အခုအချိန်မှာ နိုင်ငံရေးနဲ့ လူမျိုးရေး ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ထည့်မယ့်မဲတစ်ပြားက ကျွန်တော်တို့ အိပ်မက် အနာဂတ်ဆီကို ဖော်ဆောင်ပေးလာနိုင်မလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အိပ်မက်ကို ချနင်းမယ့် မဲတစ်ပြားဖြစ်နေမလားဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချက် မမှားဖို့ လိုပါတယ်။ မှန်ကန်တဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ချင်လို့ပါ။ ဒါကြောင့် အားလုံးကိုလည်း မှန်ကန်တဲ့ လုပ်ဆောင် ချက်ကို လုပ်ချင်တယ်ဆိုရင်၊ မှန်ကန်တဲ့လမ်းကို သွားချင်တယ်ဆိုရင်တော့ NLD ကို မဲထည့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု REDs Vote NLD လူမှုကွန်ရက် Facebook စာမျက်နှာတွင် နိုဝင်ဘာ ၃ ရက်နေ့က တင်သည့် ဗီဒီယိုတွင် ပြောထားသည်။

အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်သည်။ မဲပေးရမည့်ရက်တွင် သူမ ကိုယ်တိုင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးမည်ဖြစ်ကြောင်းလည်း ဖွင့်ပြောထားသည်။

“ကျွန်တော်တို့ ထည့်မယ့် မဲတပြားဟာ ကျွန်တော်တို့ နိုင်ငံ၊ လူမျိုး၊ အနာဂတ်အတွက် ဘယ်လောက် အထောက်အကူ ပြုနိုင်မလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး မဲထည့်မယ့်အချိန် ရောက်ရှိလို့ လာပါပြီ။ အန်တိုနီယာက ကယန်းလူမျိုးပါ။ ဒါပေမယ့် NLD ကိုပဲ မဲထည့်ဦးမှာပါ” ဟု MMA အမျိုးသမီး ကစားသမား ဘိုဇီနာ အန်တိုနီယာက ပြောသည်။

အန်တိုနီယာသည် လွိုင်ကော်မြို့မှ ကယန်းတိုင်းရင်းသူဖြစ်ပြီး ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် ဝင်ရောက် ယဉ်ပြိုင်ခဲ့ရာ ပွဲဦးထွက်၌ ပြိုင်ဘက်ကို ၂၄ စက္ကန့်အတွင်း အလဲထိုးနိုင်ခဲ့သူအဖြစ် ကမ္ဘာ့ပရိသတ်ကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်သည်။  

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စင်ကာပူအခြေစိုက် One Championship ပြိုင်ပွဲ၌ သူမ၏ ပွဲဦးထွက် ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ရွှေစင်ကို ၂၄ စက္ကန့်အတွင်း အလဲထိုး အနိုင်ရယူခဲ့သည်။

သူမသည် အသက် ၁၆ နှစ်အရွယ်ကတည်းက လက်ဝှေ့ပညာကို လိုက်စားခဲ့သူဖြစ်ပြီး မြန်မာ့စပါးအုံးဟု တင်းစာခေါ်ဝေါ်ကြသည့်  အောင်လအန်ဆန်သည် သူမ၏ ဟီးရိုးဖြစ်ကြောင်း ပြောဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly