ကြိုတင်မဲ ၂ ကြိမ်ပေးသူနှင့် တံဆိပ်တုံး အတုပေးသူတို့ကို အမှုဖွင့် အရေးယူ

ကြိုတင်မဲ ၂ ကြိမ်ပေးသူနှင့် တံဆိပ်တုံး အတုပေးသူတို့ကို အမှုဖွင့် အရေးယူ
ဓာတ်ပုံ - ဇေယျာသီရိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ

နိုင်ဝင်ဘာ ၄

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့သူနှင့် အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးခဲ့သူများကို ရွေးကောက်ပွဲ ဥပဒေပြ ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမှုဖွင့် အရေးယူထားကြောင်း နိုင်ဝင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။  

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ နယ်၊ စီးပွားချောင် ကျေးရွာအုပ်စု၊ ရှော်ချောင်းကျေးရွာနေ အလယ်တန်းပြ ဆရာမ ဒေါ်မိုးမြတ်သူဇာသည် အောက်တိုဘာလ ၃၀ ရက်နေ့က စီးပွားချောင်ကျေးရွာ အုပ်စုတွင် ကြိုတင်ဆန္ဒမဲ တစ်ကြိမ်ပေးခဲ့ပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း မယ်တလိုင်းကျေးရွာ အုပ်စုတွင် ကြိုတင်ဆန္ဒမဲ နောက်တစ်ကြိမ် ပေးခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလေးအောင်က “ဖြစ်စဉ်ကတော့ အဲ့ဒီဆရာမက သူ့မိဘတွေနဲ့ အတူနေတဲ့ရွာမှာ မဲစာရင်းလုပ်တုန်းက အဲ့ဒီမှာ ပါတယ်။ နောက်တစ်ရွာကျတော့ အိမ်ထောင်ကျတော့ သူ့ယောက္ခမတွေနဲ့ သွားနေတဲ့ နောက်တစ်ရွာ။ မြို့နယ်ကတော့ တစ်ခုတည်းပဲ။ အဲ့ဒီရွာမှာလည်း သူ့မဲစာရင်းက ပါတယ်။ ကျွန်တော်တို့ လူဦးရေစာရင်း ကောက်တုန်းက ရှိ/ကောက်တွေနဲ့ ကောက်တော့ စာရင်းရှိလည်း ကောက်တယ်၊ လူရှိလည်း ကောက်တယ်။ အဲ့ဒီမှာကျတော့ လူဦးရေစာရင်းမှာ နှစ်ခါထပ်သွားတယ်။ ကျွန်တော်တို့ မဲစာရင်းကျတော့ လူဦးရေစာရင်းကနေပြီးတော့ အသက် ၁၈ နှစ်စာရင်းကို ဖြတ်ပြီးတော့ ယူလိုက်တာ။ ယူလိုက်တာဆိုတော့ သာမန်အားဖြင့်တော့ အဲ့ဒီ သူ့မူလစာရင်းကနေပြီးတော့  အသက် ၁၈ နှစ်ပြည့် ထပ်ယူလိုက်တော့ ပါတာပေါ့ဗျာ” ဟု ပြောသည်။

ကြိုတင်မဲ နှစ်ကြိမ်ပေးဖြစ်သွားခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလေးအောင်က ဆက်လက်ပြီး “ဖြစ်ချင်တော့ မိဘတွေအိမ်ကနေ အသက် ၆၀ ကျော်လူရှိတော့ ကြိုတင်မဲပေးဖို့သွားတာ၊ အမှန်တော့ လိုက်ပို့တာ။ ဟိုက မဲစာရင်းမှာပါတော့၊ အပေါ်အောက် ဖြစ်နေတော့ နင့်နာမည်လည်း ပါတယ်ဆိုတော့ ကြိုတင်မဲပေးလိုက်ရော။ နောက် ယောက္ခမအိမ် ရောက်တော့လည်း သူ့ယောက်ျားနဲ့ သွားပေးတော့လည်း အဲ့ဒီမှာလည်း သွားပေးမိတယ်။ အဲ့ဒါကို ကျိုက်ပိရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ဆိုသည်။  

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့ မရပ်ကွက် မဲရုံအမှတ် (၂) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်း (ခ) မပဲပြားသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားခြင်း မဟုတ်သည့် အမှန်ခြစ် တံဆိပ်တုံးကို ပေးအပ်ခဲ့ပြီး ဒုတိယမဲရုံမှူး ဒေါ်တင်တင်ဝင်းက အဆိုပါ တံဆိပ်တုံး ကို ယူဆောင်ကာ မဲဆန္ဒရှင် သုံးဦးအား ဆန္ဒပြုစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့သူနှင့် အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးအပ်ခဲ့သူတို့ နှစ်ဦးကို သက်ဆိုင်ရာက လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ ပါ ပြဌာန်းချက်များနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

ယင်းအမှုများအပြင် အောက်တိုဘာလ ၃ဝ ရက်ကလည်း လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ မဲရုံ (၂) အပိုင်တွင် ကြိုတင်မဲကောက်ခံရာ တံဆိပ်တုံးအတုနှင့် မဲပေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ရပ်/ကျေးအဆင့် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို တာဝန်မှ ရပ်စဲထားကြောင်းလည်း သိရသည်။

နေပြည်တော်တွင်လည်း မဲတံဆိပ်တုံးအတုကိစ္စ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ မဲရုံတွင် ကြိုတင်ဆန္ဒမဲပေးစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်မပါသည့် မဲတံဆိပ်တုံးအတုကို လျှို့ဝှက်ဆန္ဒပြုခန်းဘေး လက်တန်းဘောင်ပေါ်၌ တွေ့ရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။  

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အပါအဝင် အခြား ကြိုတင်မဲပေးခွင့်ရှိသူများ အောက်တိုဘာ ၂၉ ရက်ကစပြီး မဲပေးနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly