ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၆၀ နှင့်အထက်ကြိုတင်မဲပေးပိုင်ခွင့်ရှိသူဦးရေ ၆ သိန်းကျော်ရှိ

ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၆၀ နှင့်အထက်ကြိုတင်မဲပေးပိုင်ခွင့်ရှိသူဦးရေ ၆ သိန်းကျော်ရှိ

ပုသိမ် အောက်တိုဘာ (၂၈)

ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၆၀ နှင့်အထက်ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ခြောက်သိန်းကျော်ရှိပြီးတစ်တိုင်းလုံးမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၁၃ ရာနှုန်းရှိကြောင်း  တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အောက်တိုဘာ ၂၇ ရက်နေ့က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ်များဖြစ်သည့် ပုသိမ်၊ မအူပင်၊ ဖျာပုံ မြို့နယ်များတွင် ရပ်ကျေးကော်မရှင်တစ်ယောက်က ဦးစီးပြီး မဲရုံမှူး (သို့မဟုတ်) ဒုမဲရုံမှူး တစ်ဦး၊ မဲစာရင်း စစ်သူ တစ်ဦး၊ မဲစာရင်းထုတ်ပေးမဲ့သူတစ်ဦးနှင့် ရဲလုံခြုံရေးတို့ အဖွဲ့ဖွဲ့ပြီး ကြိုတင်မဲပေးခွင့်ရသည့် မဲဆန္ဒရှင်များ၏ အိမ်များကို တစ်အိမ်တက်ဆင်း မဲကောက်ခံသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးအောင်မြင့်က တိုင်းရွေးကော်ရုံး တွင် သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

Stay at Home မဟုတ်သော မြို့နယ်များတွင်တော့ ရပ်ကွက် (သို့မဟုတ်)ကျေးရွာ ကော်မရှင်ရုံးများတွင် ကြိုတင်မဲပေးရမှာဖြစ်သည်။

ကြိုတင်မဲ လိုက်လံကောက်ယူသည့်နေရာများနှင့် ရပ်/ကျေးများတွင် ကြိုတင်မဲပေးသည့်အခါ လက်ရှိပါတီများက ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်လောင်း၏ ကန်ပိန်းမန်နေဂျာ၊ ပါတီများက ခန့်အပ်ထားသော မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များနှင့် လေ့လာစောင့်ကြည့်သူများ လိုက်ပါနိုင်ကြောင်းလည်း တိုင်း ကော်မရှင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အသက် ၆၀ နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်သည့်ရက်ကို အောက်တိုဘာ ၂၉ ရက်မှသည် နိုဝင်ဘာ ၇ ရက်နေ့အထိ သတ်မှတ်ထားသည်။
 
 ပုသိမ်မြို့နေ ကြိုတင်မဲပေးမည့် ဦးလှမြိုင် က " ငါးနှစ်တစ်ကြိမ်မှာ လုပ်တဲ့ရွေးကောက်ပွဲကို မဖြစ်မနေမဲပေးရမယ်။ ကိုယ်တိုင်မဲရုံမှာသွားပြီးမဲပေးချင်ပေမဲ့ အသက် ၆၀နဲ့ အထက်တွေကို Stay at Home မဲပေးရမယ်ဆိုတော့ အဲ့ဒီလိုပဲပေးရမှာပေါ့။ ကြိုတင်မဲဆိုတော့ စာအိပ်ပေါက်တာ၊ ပြဲတာတွေအတွက်တော့စိတ်ပူတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ သေသေချာချာလုပ်ရင်တော့ကောင်းပါတယ်။ စနစ်တစ်ခုထူထောင်တာ ရွေးကောက်ပွဲမရှိပဲထူထောင်လို့မရဘူးလေ။ အဲ့တာကြောင့် မဲမဖြစ်မနေပေးမှာပါ" ဟု ပြောသည်။

ကန်ကြီးထောင့်မြို့တွင်မဲပေးမည့် ဒေါ်ခင်လဲ့ဆိုင်ကလည်း " အိမ်မှာနေပြီး မဲထည့်ရမယ်ဆိုလဲထည့်မယ် အိမ်မှာမဲလာယူမဲ့ အစီစဉ်မရှိရင်လဲ မဲရုံကို ကိုယ်တိုင်မဲသွားထည့်မှာပါ။" ဟုပြောသည်"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly