ရသေ့တောင်နှင့် ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေဟု AA ထုတ်ပြန်

ရသေ့တောင်နှင့် ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေဟု AA ထုတ်ပြန်

အောက်တိုဘာ ၂၇

ရသေ့တောင်မြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ရသေ့တောင်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုရှိကြောင်း  AA ၏ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အထက်နန်းကျေးရွာ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဖြစ်ပွားသော နှစ်ကြိမ်ဆက်တိုက် တိုက်ပွဲများတွင် အစိုးရတပ်မှ ၂၅ ဦးအထိ ကျဆုံးခဲ့သည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၃ ရက်နေ့ နံနက်က ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာအနီး အရှေ့ဖက်ချောင်းကပ်စမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်မှ စက်လှေတစ်စင်းကို " ထိရောက်စွာ တိုက်နိုင်ခဲ့" သည်ဟုပါရှိသည်။ ထိုတိုက်ပွဲတွင် တပ်မတော်ဘက်မှ ခြောက်ဦးကျဆုံးသည်ဟု အေအေက ဆိုသည်။

တပ်မတော်ဘက်မှ ထုတ်ပြန်ချက်မရှိသေးသလို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရနိုင်ပါ။

ပလက်ဝမြို့နယ်တွင် အထက်ဝရွာအနောက်မြောက်ဖက် သုံးကီလိုနီးပါးတွင် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်က တစ်ကြိမ်တိုက်ပွဲဖြစ်ပွားပြီး ပလက်ဝမြို့ နှုန်းဘူးငယ်ရွာ အနောက်ဘက်တောင်တန်းရှိ တပ်မတော်စခန်းအချို့ကို အေအေက ဝင်ရောက်တိုက်ခိုက်မှု အောက်တိုဘာ ၂၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။  
 
 မဇ္ဈိမ၏ မြေပြင်စုံစမ်းချက်များအရ ရသေ့တောင်မြို့နယ်အတွင်း လက်နက်ကြီးများ ပစ်ခက်နေမှုများမှာ မြေပြင်လှုပ်ခက်ခြင်း၊ နားများကွဲထွက်မတက် ကြားရခြင်းများရှိကြောင်း ဒေသခံများက ပြောသည်။

တပ်မတော်မှ ရသေ့တောင် ကျောက်တန်းရွာဝန်းကျန်ရှိ အေအေတပ်ဖွဲ့ဝင်များကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု အဓိကလုပ်နေကြောင်း " မင်းပြား၊ မြေပုံ၊ အမ်း၊ ပလက်ဝဒေသများအတွင်း၌လည်း ထိုးစစ်များကိုပြုလုပ်လျက်ရှိသည်။" ဟု အေအေဘက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required