ပါရီတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ရှင်ကျန်းအရေးတွင် နိုင်ငံတကာက ထောက်ခံရန် တရုတ်တိုက်တွန်း

ပါရီတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ရှင်ကျန်းအရေးတွင် နိုင်ငံတကာက ထောက်ခံရန် တရုတ်တိုက်တွန်း

ပေကျင်း၊ နိုဝင်ဘာ-၁၆ ။             ။ ပါရီတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ပေကျင်းကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲတွင် အနောက်၏ အထောက်အပံ့ကို ရယူရန်ကြိုးစားနေရာ ၎င်း၏ ဝေးခေါင်သည့် အနောက်ပိုင်း ရှင်ကျန်းဒေသတွင် အစ္စလာမ် စစ်သွေးကြွများကို ဆင်နွှဲနေသော စစ်ပွဲတွင် နိုင်ငံတကာမှ အကူအညီပေးရန် တရုတ်က မေတ္တာရပ်ခံလိုက်သည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း မွတ်စလင်ဝီဂါလူမျိုးအများစု နေထိုင်ရာဖြစ်သည့် ရှင်ကျန်းနှင့် အခြားအစိတ်အပိုင်းများတွင် အဓိကရုဏ်းများအတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

အကြမ်းဖက်မှုအများစုမှာ အယ်ခိုင်ဒါနှင့် အဆက်အသွယ်ရှိပြီး အရှေ့တာကီစတန်ဟုခေါ်သည့် လွတ်လပ်သောနိုင်ငံတစ်ခုကို ထူထောင်လိုသည့် အုပ်စုတစ်စုဖြစ်သော အရှေ့တာကီစတန် အစ္စလာမ်လှုပ်ရှားမှု (ETIM)၏ လက်ချက်ဖြစ်သည်ဟု ပေကျင်းက ပြောဆိုခဲ့သည်။

မကြာသေးမီကပင် ဝီဂါတချို့မှာ အိုင်အကစ်စ်အုပ်စုနှင့်အတူ တိုက်ခိုက်ရန်အတွက် ဆီးရီးယားနှင့် အီရတ်တို့သို့ ထွက်ခွာသွားခဲ့ကြသည်ဟု တရုတ်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာ၏ တနင်္လာနေ့က ပြောကြားချက်အရ ပါရီတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရန် တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂျီ-၂၀ညီလာခံ၏ ဘေးပန်းအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

‘ကုလရဲ့ ခေါင်းဆောင်အခန်းကဏ္ဍကို အကြမ်းဖက်မှု တိုက်ဖျက်ရာမှာ အပြည့်အဝအသုံးချသင့်ပါတယ်။ ဒီအခြေအနေမှာ တပ်ပေါင်းစုတစ်ခုကို ဖွဲ့စည်းသင့်ပါတယ်’’ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့သည်။

‘တရုတ်ဟာလည်း အကြမ်းဖက်မှုဒဏ်ကို ခံနေရတာပါ။ ETIM အုပ်စုကို ဖြိုခွဲရေးဟာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်သင့်ပါတယ်’ဟု ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် ETIMမှာ တရုတ်ပုံဖော်နေသလို တကယ်ရှိမရှိဆိုသည်ကိုပင် နိုင်ငံတကာကျွမ်းကျင်သူများက သံသယရှိနေကြသည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ETIM အုပ်စု အမှန်တကယ်ရှိနေကြောင်း သက်သေအထောက်အထား အနည်းငယ်သာ ပြနိုင်ပြီး ရှင်ကျန်းဒေသတွင် ဖြစ်လာနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း စိုးရိမ်နေသောကြောင့် အနောက်နိုင်ငံများက တရုတ်နှင့် ထောက်လှမ်းရေးအချက်အလက်များ ဝေမျှရန် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်နေကြသည်။

ပေကျင်းအခြေစိုက် အနောက်သံတမန်တစ်ဦးကမူ တရုန်နိုင်ငံအနေဖြင့် ၉-၁၁တိုက်ခိုက်မှုအပြီးတုန်းက လုပ်ခဲ့သလို ရှင်ကျန်းအရေးတွင် အနောက်၏ ထောက်ခံမှုရရန် ပါရီတိုက်ခိုက်မှုများကို အကြောင်းပြပြီး အရေးဆိုလာနိုင်သည်မှာ မလွှဲမရှောင်သာသည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက်တွင်မူ တရုတ်အနေဖြင့် ETIMကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းသွင်းရန် ကုလနှင့် ဝါရှင်တန် နှစ်ခုစလုံး၏ ထောက်ခံမှုကို ရလာနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required