ကလက်စီကိုပွဲစဉ်မတိုင်ခင် ဇီဒန်းနဲ့ ကိုးမန်းတို့ ဘာတွေ ပြောသွားသလဲ

ကလက်စီကိုပွဲစဉ်မတိုင်ခင် ဇီဒန်းနဲ့ ကိုးမန်းတို့ ဘာတွေ ပြောသွားသလဲ
Photos: EPA/AFP

ဇင်နီဒင်း ဇီဒန်းက သူဟာ ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်တီနို ပီရက်ဇ်ရဲ့အပြည့်အဝ ထောက်ခံမှုကို ရရှိထားပြီး စနေနေ့မှာ ဘာစီလိုနာကို အနိုင်ယူပြီး သူတို့ရဲ့ ရာသီကို အလှည့်အပြောင်းလုပ်ဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။ 

လာလီဂါမှာ ကာဒစ်ဇ်နဲ့ ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်နဲ့ သူတို့ရဲ့ နည်းပြဟာ နူးကမ့်ဆီ ဖိအားတွေနဲ့ ဦးတည်နေပါတယ်။ 

ကလပ်အသင်းနဲ့ ဥက္ကဋ္ဌတို့ရဲ့ ထောက်ခံမှု ရရှိနေတယ်လို့ ခံစားနေရဆဲလားလို့ သောကြောနေ့က မေးမြန်းရာမှာ ဇီဒန်းက "ဟုတ်ပါတယ်။ လူတိုင်းဆီက ရပါတယ်။ ကျနော် ဒီကစားသမားတွေနဲ့ အရာအများကြီး အနိုင်ရခဲ့တယ်။ ကျနော် သူတို့နဲ့အတူ အမြဲတမ်း အသေခံတိုက်ပွဲဝင်သွားမှာပါ။ သူတို့နဲ့အတူ အမြဲရှိနေမှာပါ။ 

"ဒါပေမယ့် ကျနော်တို့ရဲ့ အရှိန်အဟုန်ကို ပြောင်းဖို့ လိုတယ်။ ကျနော်တို့မှာ ခက်ခဲတဲ့ ပွဲနှစ်ပွဲရှိခဲ့တယ်။ ဒါပါပဲ။ ဆိုးဝါးတဲ့ အခိုက်အတန့်တွေ အမြဲရှိတယ်။ ဒါပေမယ့် ဒီလိုအသင်းတွေက သူတို့ရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးကို အဲဒီလိုအခိုက်အတန့်တွေမှာ ပြသပါတယ်။ ကျနော်တို့ မနက်ဖြန်မှာ ဒါကို လုပ်ပြရပါမယ်။"

ဆာဂျီယို ရာမို့စ်ဟာ ဗုဒ္ဓဟူးနေ့က ရှက်တာအသင်းကို ရှုံးနိမ့်တဲ့ပွဲမှာ ဒူးဒဏ်ရာကြောင့် လွဲချော်ပြီး ဒဏ်ရာပြန်လည်သက်သာပြီးနောက် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ပါဝင်လိမ့်မယ်လို့ ဇီဒန်းက ပြောပါတယ်။ 

"ဆာဂျီယိုဟာ ကျနော်တို့ရဲ့ အသင်းခေါင်ဆောင်၊ ဦးဆောင်သူပါ။"လို့ ဇီဒန်းက ပြောပါတယ်။ "သူပြန်ကောင်းလာပါပြီ။ သူက ကျနော်တို့ရဲ့အတူ ရှိနေလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဆာဂျီယိုက အဲဒီနေရာမှာ ရှိနေပြီးပြီလို့ ထင်ပါတယ်။" 

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပတ်က ဂီတာဖေးကို ၁-၀ ဂိုးနဲ့ ရှုံးပွဲကို အင်္ဂါနေ့က ချန်ပီယံလိဂ်မှာ ဖယ်ရန်ဗာရို့စ်ကို အိမ်ကွင်းမှာ ၅-၁ ဂိုးပြတ်နဲ့ ချေဖျက်ပြခဲ့ပေမယ့် သူတို့ဟာလည်း လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲနဲ့ ကလက်စီကိုကို ကစားမှာဖြစ်ပါတယ်။

"သီအိုရီအရ နှစ်သင်းစလုံးဟာ ဖိအားအများကြီးခံနေကြရတယ်။"လို့ ဘာစီလိုနာနည်းပြအဖြစ် ပထမဆုံး ကလက်စီကိုကို တာဝန်ယူကိုင်တွယ်မယ့် ရော်လ်နယ် ကိုးမန်းက ပြောပါတယ်။ 

"ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မက်ဒရစ်ဟာ သူတို့ရဲ့ အဆင့်မှာ ရှိမနေတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါက သူတို့ဟာ မကောင်းတဲ့အသင်းလို့ မဆိုလိုပါဘူး။ 

"သူတို့ဟာ ဖိအားကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိထားကြာတဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ အသင်းကြီးတစ်သင်းပါ။ သူတို့ နှစ်ပွဲရှုံးပြီးတဲ့နောက် သူတို့ဟာ ဒီပွဲကို တခြားဘယ်သူမဆိုထက် ပိုပြီး အနိုင်ရချင်မှာပါ။" 

"အားနည်းချက်ရှိတဲ့ မက်ဒရစ်ကို ကျနော် မမျှော်လင့်ပါဘူး။ ကျနော်က ဆန့်ကျင်ဘက်ကို မျှော်လင့်ထားတယ်။"လို့ ကိုးမန်းက ဆက်ပြောခဲ့ပါတယ်။

အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာကာရဲ့ အရန်ခုံတန်းမှာ ရှိနေခဲ့တဲ့ အန်တိုနီ ဂရီးဇ်မန်းနဲ့ပတ်သက်လို့ သံသယတွေရှိပါတယ်။ 

ပြင်သစ်တိုက်စစ်မှူးဟာ ချန်လှပ်ခံထားတာလား အနားပေးခဲ့တာလားဆိုတာ မရှင်းလင်းပါဘူး။ "သူဟာ ကစားဖို့ အခွင့်အရေးရှိတယ်။"လို့ ကိုးမန်းက ပြောပါတယ်။ "ဒါပေမယ့် ပွဲတိုင်းအတွက် သူ့ရဲ့ အခန်းကဏ္ဍာကို ဆွေးဆွေးတာက မကောင်းလှပါဘူး။" 

ဂျော်ဒီ အယ်လ်ဘာဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ဘယ်နောက်ခံလူဟာ ပွဲထွက် စတင်ဖို့ အဆင်သင့်ဖြစ်ပြီလာဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

"အမြဲတမ်း နောက်ဆုံးစကားလုံးက ကစားသမားနဲ့အတူပါပဲ။"လို့ ကိုးမန်းက ပြောပါတယ်။ "တကယ်လို့ တုံ့ပြန်မှုမရှိဘူးဆိုရင် သူဟာ မနက်ဖြန် ကစားနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုရှိပါတယ်။" 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly