ဗိုလ်ချုပ်ရုပ်ရှင်ကို ၂ဝ၂ဝ တွင် မပြသနိုင်တော့ဟု ဒါရိုက်တာလူမင်းပြော

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂ဝ၂ဝ တွင် မပြသနိုင်တော့ဟု ဒါရိုက်တာလူမင်းပြော

အောက်တိုဘာ ၂၂ ရက်

အများမျှော်လင့်စောင့်စားနေသော ဗိုလ်ချုပ်ရုပ်ရှင်ကို လာမည့် ၂ဝ၂ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲပြီး နောက်တွင်  အပြီးရိုက်ကူးပြီး ပြသနိုင်ရန်စီစဉ်ထားသော်လည်း လက်ရှိတွင် အချိန်မီရိုက်ကူးပြသရန်မှာ မဖြစ်နိုင်တော့ ကြောင်း ရုပ်ရှင်၏ဒါရိုက်တာ လူမင်းက မဇ္ဈိမကို ပြောသည်။

“အခု ခုနှစ်လတောင် နားလိုက်ရတာဆိုတော့လေ။ အဲ့ဒီအချိန်သတ်မှတ်ချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဘူး ပေါ့။ Editing တွေ၊ဘာတွေဆိုရင်လည်း လုပ်လို့ရသလောက်ပေါ့။အပြည့်အဝတော့မဟုတ်ဘူး။ အိမ်မပြန်ဘဲ နေနိုင်တဲ့ သူရှိသလောက် လုပ်လို့ရသလောက်တော့ လုပ်ထားတာပေါ့။ အပြည့်အဝတော့ မလည်ပတ်နိုင်ဘူး” ဟု ဒါရိုက်တာလူမင်းက ပြောသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် ဗိုလ်ချုပ်ရုပ်ရှင်အား အပြီးရိုက်ကူးပြီးစီးမည့်အချိန်နှင့် မည်သည့်အချိန်တွင် ပြသနိုင်ရန်ကိုလည်း လက်ရှိတွင် ပြောဆို၍မရသေးကြောင်း ဒါရိုက်တာလူမင်းက ဆက်လက်ပြောကြား သည်။

“အဲ့ဒါက ကိုဗစ်အခြေအနေအပေါ် မူတည်တဲ့အတွက်ကြောင့် ပြောရခက်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါကြောင့် ဇာတ်ကားရိုက်ကူးရေးလုပ်ငန်းများကို မတ်လကုန်ပိုင်းတွင် ဆိုင်းငံ့ထားပြီး တည်းဖြတ်ခြင်းနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်များကို ဆက်လက်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ထုတ်လုပ် ရိုက်ကူးရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ ထုတ်ပြန်ထားသည်။

ထို့ပြင် ရုပ်ရှင်ရိုက်ကူးရေးရက်ပေါင်း ၁ဝဝ (သုံးလဝန်းကျင်)ကို မနားတမ်းရိုက်ကူးထားကြောင်းလည်း အောက်တိုဘာလ ၁၃ ရက်နေ့က အောင်ဆန်းရုပ်ရှင်ရိုက်ကူးပြီးစီးမှုအခြေအနေများကို တင်ပြသည့် ဗီဒီယိုတွင် ဒါရိုက်တာလူမင်းက ပြောထားသည်။

အောင်ဆန်းရုပ်ရှင်တွင် ဇာတ်ဝင်ခန်းပေါင်း ၁၁၇ ခန်းပါဝင်မည်ဖြစ်ပြီး ရုပ်ရှင်ကို ငါး လကြာရိုက်ကူးသွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ဒသမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒါရိုက်တာ လူမင်းက ပြောကြားထားသည်။

အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် ကော်မတီက ကျပ်သိန်းတစ်သောင်းရှစ်ထောင် မတည်ငွေဖြင့် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးတွင် ပြည်သူများပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့ ဆက်သွယ်ရေး အော်ပရေတာ MPT က စာတိုပေးပို့သည့်စနစ်ဖြင့် MPT သုံးစွဲသူများထံမှ ၅၀၀ ကျပ်မှစ၍ အလှူငွေကောက်ခံမှုကရရှိသည့် ငွေများကိုလည်း ထည့်ဝင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်အား ရိုက်ကူးနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်။

တာဝန်ယူခဲ့သည့်အဖွဲ့မှ ငါးနှစ်ကြာ သည့်တိုင် ရိုက်ကူးနိုင်ခြင်းမရှိခဲ့သည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရုပ်ရှင်ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အဖွဲ့ဝင် ၁၇ ဦးပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ထုတ်လုပ် ရိုက်ကူးရေးကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၁၈ခုနှစ် အောက်တိုဘာလတွင် ၎င်းရုပ်ရှင်အားရိုက်ကူးရန် ဒါရိုက်တာဦးလူမင်းအား ရိုက်ကူးရေး တာဝန်ကို လွှဲအပ်ခဲ့သည်။

ထို့နောက် “အောင်ဆန်း” ရုပ်ရှင်စတင်ရိုက်ကူးခြင်း အခမ်းအနားကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ စက် တင်ဘာ ၃၀ ရက်တွင် စတင်ရိုက်ကူးခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly