ယူနန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဟံသာဝတီအသင်း အပါအဝင် အသင်း ၁၆ သင်း ယှဉ်ပြိုင်မည်

ယူနန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဟံသာဝတီအသင်း အပါအဝင် အသင်း ၁၆ သင်း ယှဉ်ပြိုင်မည်
၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ဟံသာဝတီအသင်း (ဓာတ်ပုံ - MFF)

နိုဝင်ဘာ ၁၆၊ ရန်ကုန်။              ။ ၂၀၁၅ ခုနှစ် ယူနန်-အာဆီယံ နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ မန်စီမြို့တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းအပါအဝင် အသင်း ၁၆ သင်းထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယူနန်-အာဆီယံ နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ ဝင်ပြိုင်မည့် ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းမှာ နိုဝင်ဘာ ၁၇ ရက်၊ ညနေတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ် သည်။

' ပြိုင်ပွဲမှာ ပြည်ပက အသင်း ရှစ်သင်းနဲ့ ပြည်တွင်းက အသင်း ရှစ်သင်း ၁၆ သင်း ပတ်လည်စနစ်နဲ့ ကစားရမှာပါ။ ဘယ်အသင်းတွေ ပါမယ်၊ ဘယ်ရက်တွေမှာ ဘယ်အသင်းနဲ့ ကစားရမယ်ဆိုတာလဲ မသိရသေးပါဘူး။ တရုတ်နိုင်ငံရောက်မှပဲ အကုန်လုံး အသေးစိတ် သိရမှာပါ' ဟုဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းက မဇ္ဈိမသို့ ပြော ခဲ့သည်။

ဟံသာဝတီအသင်းသည် ၂၀၁၅ ယူနန်-အာဆီယံ နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ကစားသမား ၂၂ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါကစားသမား ၂၂ ဦးစာရင်းတွင် နိုင်ငံခြားကစားသမားများ မပါဝင်သလို အသင်း၏ အမာခံကစားသမားနှစ်ဦးဖြစ်သော မောင်မောင်လွင်နှင့် ကျော်ဇေယျာတို့မှာလည်း မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းသို့ ရောက်ရှိနေသဖြင့် ပြိုင်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ပေ။

ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းသည် ပြီးခဲ့သည့် ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ငါးပွဲ နိုင်၊ ကိုးပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် ၂၄ ဖြင့် အမှတ်ပေးဇယား အဆင့် ၇ နေရာတွင် ရပ်တည်နိုင်ခဲ့သော အသင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly