ပါတီရုံး ဒိုင်းနမိုက်နှင့် ခွဲခံရသည့် ကိစ္စတိုင်ကြားသော်လည်း အရေးမယူ၍ သမ္မတထံတိုက်ရိုက်ပြောဆို

ပါတီရုံး ဒိုင်းနမိုက်နှင့် ခွဲခံရသည့် ကိစ္စတိုင်ကြားသော်လည်း အရေးမယူ၍ သမ္မတထံတိုက်ရိုက်ပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။ ။ တီးတိန်မြို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတရုံး ဒိုင်းနမိုက်ခွဲခံရမှုအား ရဲစခန်း၊ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းမပြု၍ ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က နိုဝင်ဘာ ၁၅ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲရုံး၌ သမ္မတကြီးနှင့် တွေ့ဆုံစဉ် တိုက်ရိုက်တိုင်ကြား ပြောဆိုခဲ့သည်။

''အခုထိအရေးမယူပါဘူး။ ဒီပုံစံနဲ့ ကျွန်တော်တို့ နိုင်ငံရေးဆက်လုပ်ရမှာ တော်တော်ဝမ်းနည်းပါတယ်။ သမ္မတကြီးကို တိုင်ကြားပါတယ် အရေးယူပေးပါ။'' ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံပွဲတွင် ဦးဇိုဇမ်က ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးတွဲဖွင့်ထားသည့်ရုံးခန်းတွင် ဖောက်ခွဲခံရခြင်းဖြစ်သည်။

''ဒီနေ့ သမ္မတကြီးကို ထပ်တိုင်ကြားလိုက်တာပဲ သမ္မတကြီးကိုတိုင်ကြားပြီးပြီဆိုတော့ သူ့တာဝန် ဖြစ်သွားပြီ။ ဒီလို အကြမ်းဖက်လုပ်ငန်းကြုံရတာ နိုင်ငံရေး (၉၂) ပါတီ ထဲမှာ ကျွန်တော့်ပါတီတစ်ခု တည်းပါ။ ကျွန်တော်ဒီလိုခံစားရတာ သမ္မတကြီးကို အသိပေးလိုက်တာ'' ဟု ဦးဇိုဇမ်က မဇ္ဈိမသို့ပြောသည်။

သမ္မတဦးသိန်းစိန်က အဖြေအတိအကျ မပေးသော်လည်း နိုင်ငံရေးပါတီများ၏သဘောထားအမြင်များ၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စများမှ တချို့အချက်များမှာ လက်ရှိအစိုးရလက်ထက်တွင် ဆောင်ရွက် ပေးနိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly